Environment, Disasters & Accidents
မြန်မာနိုင်ငံတွင် မြစ်ရေများ စိုးရိမ်ရေမှတ်အထက်မြင့်တက်လာသောကြောင့် လူဦးရေ ၁၈,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေး

ရန်ကုန်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြစ်ရေများမှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခဲ့သောကြောင့် လူပေါင်း ၁၈,၀၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေစီးဆင်းမှုကြောင့် ကဒတ်ချောင်းရေလျှံမှုဖြစ်ပွားခဲ့သောကြောင့် ဩဂုတ် ၉ ရက်က လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံလွင်မြစ်ရေလျှံမှုဖြစ်ပွားခြင်းကြောင့် ဩဂုတ် ၉ ရက်က လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)
“ကရင်ပြည်နယ်က မြို့နယ် ခြောက်ခုမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေ ထပ်ပြီး ပြင်ဆင်နေပါတယ်” ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးစောခင်မောင်မြင့်က ပြောသည်။
လက်ရှိတွင် ကရင်ပြည်နယ် ဘားအံတွင် ရေဘေးရှောင် စခန်း ၁၁ ခု၊ လှိုင်းဘွဲ့တွင် ၈ ခု၊ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်တွင် ၇ ခု၊ မြဝတီတွင် ၈ခု နှင့် ဖာပွန်တွင် ၃ ခု ရှိကြောင်း ၎င်းက ဆိုသည်။
သံလွင်မြစ်အပါအဝင် မြစ်ချောင်းများ ရေလျှံလျက်ရှိပြီး ကရင်ပြည်နယ်မြို့တော် ဘားအံနှင့် မွန်ပြည်နယ်မြို့တော် မော်လမြိုင်တို့ကို ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးအချို့လည်း ရေနစ်မြုပ်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့အပြင် ပဲခူးနှင့် မော်လမြိုင် ရထားလမ်းပိုင်းများတွင် ရေကြီးရေလျှံမှုကြောင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်အချို့ကို ဩဂုတ် ၈ က ဖျက်သိမ်းခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတစ်တစ်ဝန်းရှိ မြစ်ခြောက်စင်းသည် ဩဂုတ် ၉ ရက် နေ့မွန်းလွဲပိုင်းတွင် ၎င်းတို့၏ စိုးရိမ်ရေမှတ်အဆင့်ထက် ကျော်လွန်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့နှင့် ပဲခူးမြို့၊ ကရင်ပြည်နယ် ဘားအံမြို့နှင့် ကချင်ပြည်နယ် မိုးကောင်းမြို့တို့တွင် မြစ်ကမ်းပါးများအနီးနှင့် မြေနိမ့်ပိုင်းနေရာများ၌ နေထိုင်သူများအနေဖြင့် အထူးဂရုပြုနေထိုင်ရန် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။
“နှစ်စဉ် ရေကြီးမှုတွေ ကြုံတွေ့ရပေမဲ့ ဒီနှစ် ရေကြီးတာကတော့သုံးနှစ်အတွင်းမှာ အပြင်းထန်ဆုံးပါပဲ။ ကျွန်တော့်အိမ်ရဲ့ မြေညီထပ်ကတော့ အခု ရေမြုပ်နေပါတယ်” ဟု ပဲခူးမြို့ခံ ကိုအေးလှက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများကို ကုန်းမြင့်ဘက်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရေဘေးရှောင်အဆောက်အဦများသို့ ရွှေ့ပြောင်းပေးထားကြောင်း ၎င်းက ဆက်လက်ပြောသည်။ (Xinhua)