Connect with us

Myanmar

၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ ဩဂုတ်လအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့် ၆၃ ဦးသေဆုံး၊၂၀၆ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇၇/၅)နှင့်(၇၇/၆)ကြားတွင် Express အဖြူရောင်ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲထိုးကျနေမှုကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ ဩဂုတ်လအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့် လူ ၆၃ ဦးသေဆုံးခဲ့ပြီး ၂၀၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မျိုးလင်းသန့်က ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၁၁ ရက်တွင်ပြောသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆၀/၂)နှင့်(၆၀/၃)ကြားတွင် PARTNER (အဖြူရောင်)ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်ကျွန်းရှိ သစ်ပင်အား တိုက်မိပြီးနောက် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၀ ရက်က ကူညီကယ်ဆယ်မှုများဆောင်ရွက်နေစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၀၂/၃)နှင့် (၃၀၂/၄)ကြားတွင် TOYOTA CAMI ခဲရောင်ယာဉ်(၁)စီး နောက်ယာဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၆ ရက်၌ ရောက်ရှိတိမ်းမှောက်မှုဖြစ်ပွားခဲ့စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

“၂၀၂၃ ဇန်နဝါရီလကနေ ဩဂုတ်လကုန်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီမှာ ယာဉ်မတော်တဆမှုပေါင်း ၁၀၆ မှုဖြစ်ပွားပါတယ်။ အမျိုးသား ၁၂၁ ဦး၊ အမျိုးသမီး ၈၅ ဦး စုစုပေါင်း ၂၀၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ယာဉ်မတော်တဆမှုကြောင့် အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၆၃ ဦး သေဆုံးခဲ့ပါတယ်” ဟု ဒုရဲမှူးမျိုးလင်းသန့်ကပြောသည်။
အဆိုပါယာဉ်မတော်တဆမှုများကြောင့်ပျက်ဆီးဆုံးရှုံးမှ တန်ဖိုး ကျပ် ၃၂၅.၈၇ သန်း ရှိကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဩဂုတ်လကုန်အထိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု စုစုပေါင်း ၁၁၂ မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၁၀၅ဦး၊ အမျိုးသမီး ၇၀ဦး၊ စုစုပေါင်း ၁၇၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ သေဆုံးသူ အမျိုးသား ၃၇ ဦး ၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၄၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ယာဉ်မတော်တဆမှု အဓိကဖြစ်ပွားရတာက ယာဉ်မောင်းတဲ့ လူကြောင့်ဖြစ်ပွားရတာပါ။ ဥပမာ လမ်းကြောင့်ဆိုရင်လည်း အမြန်လမ်းမကြီး မိုင်တိုင် ၁၆၀ ကနေ မိုင်တိုင် ၁၉၀ အတွင်းမှာဆို အကွေ့အကောက်တွေများတယ်။ အတက်အဆင်းတွေများတယ်။ အဲလိုနေရာမျိုးမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ ဘယ်လောက်အရှိန်နှုန်း၊ ဘယ်လောက်ကီလိုမီတာ အတွင်းမောင်းမှ အန္တရာယ်ကင်းမယ်ဆိုတဲ့ လမ်းညွှန်အချက်ပြဆိုင်းဘုတ်၊ သင်္ကေတတွေ ညွှန်ပြထားတာရှိပါတယ်။ အဲဒီအတိုင်းမောင်းရင် အန္တရာယ်ဖြစ်ဖို့ခဲယဉ်းပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.