Connect with us

Myanmar

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ငွေကျပ်သိန်း ၉,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်း ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ငွေကျပ်သိန်း ၉,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဩဂုတ်လ ၂၂ ရက်၊ နံနက် ၆ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းတွင် စိုးလွင် (ခ)နူရွတ် နှင့် ချစ်ဝင်းကိုကို(ခ)နေဇာ တို့ ၂ ဦးအား ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်သူ မနန်းစင်လျှန်းအားတာမွေမြို့နယ်၊ အိုးရှင်းစင်တာတွင် ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)