Connect with us

Myanmar

မြန်မာ့ရေပိုင်နက်မျဉ်း၏အပြင်ဘက် သီးသန့်စီးပွားရေးဇုန်အတွင်း နိုင်ငံခြားငါးဖမ်းရေယာဉ်များအား ကျူနာငါးမျှားတန်းစနစ်ဖြင့် ငါးဖမ်းဆီးခွင့်ပြုမည်

မြန်မာ့ပင်လယ်ပြင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်၊ မြန်မာ့ရေပိုင်နက်မျဉ်း၏အပြင်ဘက် သီးသန့်စီးပွားရေးဇုန်အတွင်း နိုင်ငံခြားငါးဖမ်းရေယာဉ်များအား ကျူနာငါးမျှားတန်းစနစ်ဖြင့် ငါးဖမ်းဆီးခြင်းကို မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများ၏တာဝန်ယူမှုဖြင့် သတ်မှတ်ထားသော ကျူနာငါးမျှားတန်းစနစ်ဖြင့် ငါးဖမ်းဆီးခွင့်ပြုခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်စာချုပ်နှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှထွန်းက ဆင်ဟွာသို့ စက်တင်ဘာ ၁၃ ရက်တွင် ပြောသည်။

ဦးလှထွန်းက “ကျူနာငါးမျှားတန်း ငါးဖမ်းတဲ့ စနစ်ဆိုတာ သာမန် ငါးဖမ်းပိုက်နဲ့ မဟုတ်ဘူး။ ငါးမျှားတန်းနဲ့ဖမ်းတာဖြစ်တယ်။ ကျူနာငါးက တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့နေထိုင် ကျက်စားတဲ့ ငါးဖြစ်လို့ ကျွန်တော်တို့ မြန်မာ့ပင်လယ်ပြင်မှာ ဒီငါးက ဒီဇင်ဘာလကနေ ဧပြီလအထိ ကျင်လည်ကျက်စားပါတယ်” ဟု ပြောသည်။

နိုင်ငံခြားကျူနာငါးမျှားတန်း ငါးဖမ်းရေယာဉ်များဖြင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လိုသော နိုင်ငံသားပိုင်ကုမ္ပဏီများ အနေဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်အဆိုပြုလွှာများကို (၂၈-၉-၂၀၂၃) ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း၊ ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

“မြန်မာနိုင်ငံသားပိုင် ကျူနာငါးဖမ်းခြင်းလုပ်ဆောင်တဲ့ ကုမ္ပဏီတွေရှိတယ်။ အဲဒီကုမ္ပဏီတွေက တာဝန်ယူရမယ်။ သင်္ဘောကတော့ နိုင်ငံခြားက သင်္ဘောပါ” ဟု ဦးလှထွန်းက ဖြည့်စွက်ပြောကြားသည်။
ယင်းငါးဖမ်းခွင့်မှာ ကျူနာငါးတစ်မျိုးတည်းကိုသာ ဖမ်းရန် ခွင့်ပြုခြင်းဖြစ်ပြီး အခြားငါးဖမ်းဆီးရမိပါက ပင်လယ်ပြင်သို့ ပြန်လည်လွှတ်ပေးရမည်ဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

ဦးလှထွန်းက “ကျူနာငါးကို ဖမ်းခွင့်ပြုခြင်းက နိုင်ငံခြားငွေရရှိဖို့အတွက် အထောက်အကူပြုပါတယ်။ နောက်ပြီး တခြားငါးသယံဇာတတွေကိုလည်း ထိခိုက်မှုမရှိပါဘူး။ ကုမ္ပဏီတွေအနေနဲ့ မဆိုင်တဲ့ငါးဖြစ်တဲ့ ငါးမန်းကိုမိရင်တော့ ပြန်လွှတ်ပေးဖို့ လိုပါတယ်။ ငါးမန်းကို ကျွန်တော်တို့ နိုင်ငံရဲ့ ရှားပါးမျိုးစိတ်လို့ သတ်မှတ်ထားတဲ့အတွက် ပြန်လည်လွှတ်ဖို့လိုတာပါ။ ငါးမန်းကို ဖမ်းမိပြီး ပြန်လွှတ်မပေးရင် ဥပဒေအရ အရေးယူသွားမှာပါ” ဟု ပြောသည်။
ကုမ္ပဏီများ အနေဖြင့် ယင်းငါးဖမ်းခွင့်အတွက် အဆိုပြုလွှာတင်သွင်းရမည်ဖြစ်ပြီး ခွင့်ပြုခဲ့ပါက တစ်ခါဖမ်းဆီးလျှင် ပင်လယ်ပြင်တွင် ၂ လ သာအချိန်ပေးကြောင်း ၎င်းကဆိုသည်။ (Xinhua)