Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးမြို့နယ်တွင် မီးရှူး မီးပန်း ပေါက်ကွဲမှုကြောင့် လူ ၂ ဦး အခင်းဖြစ်သည့်နေရာတွင်သေဆုံး

ပုံစာ- လင်းခေးမြို့အဝင်ဆိုင်းဘုတ်အားတွေ့ရစဉ် (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးမြို့နယ် ၊ ဝမ်ဟတ်ကျေးရွာအုပ်စု ၊ ဝမ်ဟတ်ကျေးရွာတွင် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက သီတင်းကျွတ် မီးရှူး မီးပန်းများ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူနှစ်ဦး အခင်းဖြစ်ပွားသည့်နေရာ၌ သေဆုံးခဲ့ကြောင်း လင်းခင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့အောက်တိုဘာ ၁၉ ရက်တွင်ပြောသည်။

အဆိုပါတာဝန်ရှိသူက “ကျွန်တော်တို့ဆီကို မနေ့က မနက် ၈ နာရီ ၃၅ မိနစ်မှာ သတင်းရတော့ ကျွန်တော်တို့က လင်းခေးမြို့နယ်က မီးသတ်ကား၂ စီး၊ ဝမ်ဟတ်က မီးသတ်ကား ၁ စီးသွားပြီး ကူညီဆောင်ရွက်ပေးတာပေါ့။ ဖြစ်စဉ်ကတော့ ဘေးတွဲဆိုင်ကယ် ၂ စီးပေါက်ကွဲတာပါ” ဟု ပြောသည်။

အဆိုပါ ဘေးတွဲဆိုင်ကယ်ပေါ်တွင် သီတင်းကျွတ်ပွဲအတွက် မီးရှူး မီးပန်းများကို တင်ဆောင်ထားကြောင်း သိရသည်။
“ဘေးတွဲဆိုင်ကယ် မောင်းသူက မနက်မှာ ဆိုင်ကယ်နှိုးတာပေါ့နော်။ ဆိုင်ကယ်နှိုးတော့ ဆီကယိုစိမ့်နေတာပေါ့။ ဆီယိုစိမ့်တော့ အင်ဂျင်ပူပြီးတော့ ဆိုင်ကယ်က အရင်ဆုံးလောင်တာပေါ့။ ဆိုင်ကယ်ဘေးတွဲပေါ်မှာတင်ထားတဲ့ ယမ်းပါတဲ့ ဗျောက်အိုးတွေ၊ မီးရှူးမီးပန်းတွေ ကနေလောင်ပြီး ဆိုင်ကယ်နှိုးတဲ့ အမျိုးသားနဲ့အဲဒီဆိုင်ကယ်ရဲ့ အနီးအနားမှာရှိနေတဲ့ အမျိုးသမီးတစ်ဦးတို့က ယမ်းပေါက်ကွဲပြီး ထိမှန်သေဆုံးခဲ့တာပါ” ဟု ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိသွားချိန်တွင် အဆိုပါလူ ၂ ဦးမှာ သေဆုံးခဲ့ပြီးဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် အခြား ထိခိုက်ဒဏ်ရာရရှိသူများ မရှိကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ ၂ ဦးကို သေမှုသေခင်းဖွင့်ပြီး ရဲတပ်ဖွဲ့မှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.