Connect with us

Myanmar

ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ငွေကျပ် ၁.၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ငွေကျပ် ၁.၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ အောက်တိုဘာ ၁၉ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ အောက်တိုဘာလ ၁၄ ရက်၊ နံနက် ၁၀ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်းတွင် ထွန်းမြတ်သူ(ခ) မောင်စံ အား စိတ်ပြောင်းဆေးဝါး(Happy Water) ၁၇.၂၈ ကီလိုဂရမ်နှင့် အတူဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်၍ မွန်းလွဲ ၂ နာရီအချိန် ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းတွင် ရဲရင့်အောင်အား စိတ်ပြောင်းဆေးဝါး(Happy Water) ၁၄.၉၄ ကီလိုဂရမ်၊ စောဂျွန်ပေါလ်(ခ) ဂျွန်ပေါ အား ရန်ကင်းမြို့နယ်၊ (၆) ရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် စိတ်ပြောင်းဆေးဝါး(Happy Water) ၆.၆ ကီလိုရမ်၊ ကဖင်းဆေးပြား ၂,၂၀၀ ပြားနှင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၉ နာရီခွဲအချိန် နေလ၀င်း(ခ) Bank နှင့် ရဲရင့်ဌေးအောင်တို့ ၂ ဦးအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၅,၀၀၀ ပြား၊ TOYOTA CROWN မော်တော်ယာဉ် ၁ စီးနှင့်အတူ အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၁.၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် (Happy Water) ၃၈.၈၂ ကီလိုဂရမ် ၊ အက်တက်စီဆေးပြား ၅,၀၀၀ ပြားနှင့် ကဖင်းဆေးပြား ၂,၂၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်ရေးရဲတပ်ဖွဲ့အနေဖြင့် လူငယ်များအား အန္တရာယ်ဖြစ်စေသည့် စိတ်ပြောင်းဆေးဝါး (Happy Water) သယ်ဆောင်ရောင်းဝယ်မှုများကို ထိရောက်စွာ တားဆီးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)