Culture & Entertainment
၂ဝ၂၂ ခုနှစ်အတွက်ရရှိသည့် စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ကထုတ်ပြန်ကြေညာ
ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂ဝ၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသည့် စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က နိုဝင်ဘာ ၁၈ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ဝတ္ထုရှည်ဆုတွင် ပထမဆုကို တက္ကသိုလ်မြမဉ္ဇူ၏ တောင်ဇလပ်ပန်းတို့လန်းပါစေ၊ ဒုတိယဆုကို ရဲမင်းစိုး၏ အဖေ့အရိပ်များ၊ တတိယဆုကို ဝတ်ရည်ခင်(ပဲခူး)၏ ဝတ်မှုန်ကူးချိန်စာမူများကလည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို တင်တော်၏ “တုမဲ့နှုန်း၍ ရွှေဘုန်းမော်နိုင်ပါစေ”နှင့် ဝတ္တုတိုများစုစည်းမှု၊ ဒုတိယဆုကို နိုင်မျိုးသစ္စာ(နမ္မတူ)၏ ကမ္ဘာဆုံးတိုင်မုန်းနေမည်ဝတ္တုတိုများ၊ တတိယဆုကို မင်းလပြည့်(ဟားခါး)၏ နွံထဲကပန်းရွှေကြာနှင့် အခြားဝတ္တုတိုများ စာမူများကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို ဘုန်းမြင့်ချို (သာယာဝတီ)၏ ပိုးကိုက်ရာကင်း ပန်းတစ်ခင်းကဗျာများ၊ ဒုတိယဆုကို လုလင်(မှော်ဝန်းမြေ)၏ ဘဝပုံရိပ်ကဗျာများနှင့် အခြားကဗျာများ၊ တတိယဆုကို မြတ်ဘုန်း(တပ်ကုန်း)၏ နှလုံးလှအမေရဲ့ဇာတ်စင်နှင့်အခြားကဗျာများ စာမူများကလည်းကောင်း၊ သုတပဒေသာ (ဝိဇ္ဇာ)ဆုတွင်ပထမဆုကို ယဉ်ယဉ်မွန်(ရှေးဟောင်းသုတေသန)၏ မြို့တည် နန်းတည်ကေတုမတီ(တောင်ငူ)၊ ဒုတိယဆုကို မောင်မောင်ချစ်ဦး(မုံရွာ)၏ မြန်မာ့မြေပေါ်မှ ပြည်ပစစ်သင်္ချိုင်းများ၏ သမိုင်းပုံရိပ်များ၊ သုတပဒေသာ(ရိုးရိုးသိပ္ပံနှင့်အသုံးချသိပ္ပံ)ဆုတွင် ဒုတိယဆုကို မခင်ကြီးမောင်(သတ္တဗေဒ)၏ ငှက်သဘာဝထိန်းသိမ်းကြ သာစွဌာနေတို့မြန်ပြည်၊ တတိယဆုကို လှဆန်း(စိုက်ပညာရှင်)၏ စပျစ်စိုက်ပျိုးထုတ်လုပ်မှု နည်းပညာနှင့် သတင်းအချက်အလက်များ ကလည်းကောင်း၊ စာပဒေသာဆုတွင် ပထမဆုကို နေဇင်(ပေါက်ခေါင်း)၏ မြောက်ပိုင်းဒေသ ဘဝမှတ်တမ်း၊ ဒုတိယဆုကို အောင်ဘ(အုတ်ဖို)၏ လူဆိုးပြေးတော့ လူကောင်းရောက်ပြီ၊ တတိယဆုကို မျိုးမြင့်ကြိုင်(သင်)၏ အမ်းမြို့သို့ရက်ပေါင်း(၁၀၀)နှင့် အမြင်အတွေးများဖြင့် ခရီးသွားခြင်းစာမူများကလည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆုတွင် ပထမဆုကို စောပုလဲမယ်၏ ရွှေတိဂုံစေတီတော် ခေါင်းလောင်းတော်များ၊ ဒုတိယဆုကို တင့်ထွန်း(ချောက်)၏ သားကလှေယာဉ် ဖခင်လှေမှူး၊ တတိယဆုကို ကွမ်ဆာသန်းနိုင်(ကတူး)၏ နာမည်မှည့်ခေါ်ပုံစနစ်များ စာမူများကလည်းကောင်း၊ ကလေးစာပေဆုတွင် ပထမဆုကို သက်ဦးခင်၏ မြန်မာ့ရတနာကလေးကဗျာများ၊ ဒုတိယဆုကို အင်ကြင်းမေ၏ ပန်းကလေးများ ပွင့်တော့မည်နှင့်ကလေးကဗျာများ၊ တတိယဆုကို ခိုင်ချစ်အောင်၏ ညီနောင်သုံးဖော်နှင့်ကလေးကဗျာများ စာမူများကလည်းကောင်း၊ လူငယ်စာပေဆုတွင် ပထမဆုကို ဆောင်းချစ်၏ ချယ်ရီလက်ဆောင် ပန်းလက်ဆောင်၊ ဒုတိယဆုကို နိုက်၏ပေးချင်တဲ့ အမွေနှင့်အခြားစာစုများ၊ တတိယဆုကို ယဉ်မင်း(ပန်းတောင်း)၏ ရွှေရနံ့နှင့် အခြားလူငယ်ဝတ္တုတိုများစာမူများက လည်းကောင်း၊ နိုင်ငံရေးစာပေဆုတွင် တတိယဆုကို ခင်ဧ(စက်မှု)၏ သူ့ကျွန်မခံလိုကြသူများ စာမူက လည်းကောင်း၊ ပြဇာတ်စာပေဆုတွင် ပထမဆုကို သျှင်မိုးခင်(ယဉ်ကျေးမှုတက္ကသိုလ်)၏ ခိုင်ရွှေညှာနွဲ့ မာလာမှုန် စာမူကလည်းကောင်း၊ ဘာသာပြန်စာပေဆုတွင် သုတေသီမောင်ဟန်၏ ရာသီဥတုပြောင်းလဲမှု စာမူကလည်းကောင်း၊ အင်္ဂလိပ်စာပေဆုတွင် ပထမဆုကို Khin Maung Myint ၏ Memoirs of an Old Sailor စာမူကလည်းကောင်း ရရှိခဲ့ကြောင်း သိရသည်။
စာပေဗိမာန်စာမူဆုများကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၁၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၂၂ ခုနှစ် ပြိုင်ပွဲသို့တင်သွင်းလာသော စာမူ ၂၇၇ စောင်ကို သက်ဆိုင်ရာဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဆုများကို ၁၃၈၅ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (စာဆို တော်နေ့)၊ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် တွင် ကျင်းပပြုလုပ်မည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စာပေဗိမာန်စာမူဆုများကို ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁၀ သိန်း၊ တတိယဆု ၇ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
၂ဝ၂၃ ခုနှစ်အတွက် စာမူပြိုင်ပွဲဝင်လိုသူများအနေဖြင့် စာမူများကို ၃၁-၁၂-၂၀၂၃ ရက်နေ့ နောက်ဆုံးထား၍ စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့ရန် နှိုးဆော်ထားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)