Connect with us

Myanmar

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-- CCDAC Myanmar)

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ ဒီဇင်ဘာ ၁၁ ရက် ညဘက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၀ ရက်နံနက် ၁၀ နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ ရွာသစ်ကျေးရွာအနီး၊ တောင်ကြီး-လွိုင်လင်သွားကားလမ်းတွင် HIACE မော်တော်ယာဉ်တစ်စီးကို သတင်းအရရှာဖွေရာ ၎င်းမော်တော်ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၉.၀၉ ကီလိုဂရမ်၊ ကက်တမင်း ၁၀၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါးများအား တာချီလိတ်မြို့နယ်မှ တောင်ကြီးမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း၊ အဆိုပါဖမ်းဆီးရမိသူအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် လူငယ်များအားအန္တရာယ်ဖြစ်စေမည့် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းများကို ထိရောက်စွာဟန့်တားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း CCDAC Myanmar ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.