Connect with us

Environment, Disasters & Accidents

ပုပ္ပားတောင်ဒေသကို မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားဘူမိဗေဒဥယျာဉ်အဖြစ် မကြာမီ ဆောင်ရွက်သွားမည်

ပုပ္ပါးတောင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ပုပ္ပားတောင်ဒေသကို မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားဘူမိဗေဒဥယျာဉ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၁ ရက်တွင်ပြောသည်။
“ဘူမိဥယျာဉ်ဆိုတာက သဘာဝ ဇီဝမျိုးစုံမျိုးကွဲ သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေဆိုတာရှိတယ်။ ဥပဒေအရ ဘူမိဗေဒအသွင်အပြင် ထူးခြားတဲ့နေရာတွေကို အခုလို ဆောင်ရွက်လို့ရပါတယ်။ အခုပုပ္ပါးတောင်ဒေသဆိုရင် ဘူမိအမွေအနှစ်တွေပဲဖြစ်တယ်။ သူ့မှာရှိနေတဲ့ ဇီဝမျိုးစုံမျိုးကွဲ၊ သူ့မှာရှိနေတဲ့ ဂေဟစနစ်၊ သူမှာရှိနေတဲ့ ဘူမိအနေအထား ဒါတွေကို ထိန်းသိမ်းစောင့်ရှောက်သွားဖို့အတွက် ရည်ရွယ်ပြီး အခုလိုဆောင်ရွက်ဖြစ်တာပါ” ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။
ဘေးမဲ့တောဆိုသည်မှာ ဥပဒေရှိပြီး ဥပဒေအရ ဖွဲ့သည့်သဘာဝ နယ်မြေအမျိုးအစားဖြစ်ကြောင်း သိရသည်။ သဘာဝဘေးမဲ့တောများမှာမူ အပင်များ၊ သမင်၊ လိပ်၊ ကျားတို့ကဲ့သို့သော တိရစ္ဆာန်များကို ထိန်းသိမ်းရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ပုပ္ပါးတောင်အားတွေ့ရစဉ် (ဆင်ဟွာ)

ပုပ္ပါးမြို့အားတွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါတာဝန်ရှိသူက “ပုပ္ပါးတောင်ဒေသမှာဆိုရင် ဘူမိပညာရှင်တွေ၊ ဒေသခံတွေနဲ့ ဘူမိကျွမ်းကျင်သူတွေက ကြည့်လိုက်တဲ့အခါမှာ ထူးခြားတယ်။ ရှားပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းတွေလည်းရှိတယ်။ မီးတောင်ဖြစ်ခဲ့တဲ့အတွက် မီးတောင်ပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်တွေကိုလည်း လေ့လာလို့ရတယ်။ ပုပ္ပါးတောင်ကိုဆိုရင် ကန္တာရထဲက အိုအေစစ်လို့ တင်စားပြောဆိုကြတာရှိတယ်။ တောတောင်သဘာဝ ဇီဝမျိုးစုံမျိုးကွဲတွေလည်းရှိတယ်” ဟုပြောသည်။

ပုပ္ပါးတောင်အား ထိန်းသိမ်းရာတွင်မူ ဘူမိဗေဒရှုထောင့်မှသာ အများဆုံးကြည့်ရှုကြောင်း သိရသည်။ ထိုကဲ့သို့ ထိန်းသိမ်းထားသည့်နေရာများကို မည်သူမဆို ကျူးကျော်ခြင်း၊ ဖျက်ဆီးခြင်း ပြုလုပ်ခွင့်မရှိကြောင်း သိရသည်။
“အခုလို ထိန်းသိမ်းလိုက်တဲ့အတွက် ခရီးသွားတွေလည်း လာရောက်လေ့လာကြမယ်။ ခရီးသွားတွေလာရောက်ရင် ဒေသခံတွေလည်း ဝင်ငွေရရှိမှာဖြစ်တယ်။ ဟိုးရှေးရှေးက ရှိခဲ့တဲ့ ထူးခြားတဲ့ ဘူမိရုပ်သွင်တွေအားလုံး၊ နောက်ပြီး အဲဒါနဲ့ ဆက်စပ်နေတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ၊ ဂေဟစနစ်တွေကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်သွားမှာပါ။ ပုပ္ပါးတောင်အမျိုးသား ဘူမိဥယျာဉ်လို့ ပြောပေမဲ့ ဘူမိနယ်မြေလေးတွေက သူ့ထဲမှာပဲ ၁၅ ခုလောက် ပါနေသေးတယ်” ဟု ၎င်းတာဝန်ရှိသူက ဖြည့်စွက်ပြောကြားသည်။

ထိုသို့ သတ်မှတ်ဖွဲ့စည်းနိုင်ရေးအတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်းတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ကမ္ဘာ့အဆင့် ယူနက်စကိုစာရင်းဝင် ဘူမိဥယျာဉ်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.