Connect with us

Myanmar

နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့နှင့်အတူ ငွေကျပ် ၁၀ ဒသမ ၄၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့များနှင့်အတူ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါး၊ မော်တော်ယာဉ်နှင့် ငွေများအား တွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့များနှင့်အတူ ငွေကျပ် ၁၀ ဒသမ ၄၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ၊ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (ဒီဇင်ဘာ ၁၂ ရက်) သတင်းထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ဒီဇင်ဘာ ၁ ရက် ညပိုင်းက အမျိုးသားနှစ်ဦးမောင်းနှင်လာသော မော်တော်ယာဉ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြားများ တွေ့ရှိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ ကွင်းဆက်တရားခံများဖြစ်သည့် စိတ်ကြွရူးသွပ်ဆေးပြား တာဝန်ခံသယ်ဆောင်သူတစ်ဦးကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခုတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြား တာဝန်ခံသယ်ဆောင်သူ၏ နေအိမ်မှ မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် အသုံးပြုသည့် ယာဉ်တစ်စီးနှင့်အတူ ငွေကျပ် ၁,၂၀၂ သိန်းအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကွင်းဆက်ဖော်ထုတ်ချက်များအရ ဒီဇင်ဘာ ၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့၌ အမျိုးသားတစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်းနှင့် ယာဉ်တစ်စီးကိုလည်းကောင်း၊ ဒီဇင်ဘာ ၅ ရက်တွင် ပုသိမ်ကြီးမြို့နယ်နေ အမျိုးသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၇၆ သိန်း၊ ဘိန်းဖြူ ၈.၈ ကီလိုဂရမ်နှင့် ယာဉ်တစ်စီးကိုလည်းကောင်း၊ ဒီဇင်ဘာ ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ အမျိုးသမီးတစ်ဦးနှင့်အတူ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ ဒသမ ၂ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်ချက်များအရ မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့ပြီး ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ပြီး စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို ကလေးမြို့မှ ရှမ်းပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနှင့် ကွင်းဆက် တရားခံများ ဆက်လက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.