Connect with us

Culture & Entertainment

ရန်ကုန်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် မြေပဒေသာကျွန်းတွင် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကျင်းပခဲ့စဉ် (ဓာတ်ပုံ- စိုက်ပျိုးရေးဦးစီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ကန်တော်ကြီး သဘာဝဥယျာဉ်၊ ပုလဲ မဟာမြိုင်ကျွန်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်းက ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၁၆ ရက်တွင်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် မြေပဒေသာကျွန်းတွင် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကျင်းပခဲ့စဉ် (ဓာတ်ပုံ- စိုက်ပျိုးရေးဦးစီးဌာန)

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် မြေပဒေသာကျွန်းတွင် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကျင်းပခဲ့စဉ် (ဓာတ်ပုံ- စိုက်ပျိုးရေးဦးစီးဌာန)

ဦးကိုကိုလင်းက “ဒီပွဲကို ကျင်းပရတာကတော့ စိတ်ဝင်စားတဲ့သူတွေ ဗဟုသုတရတာပေါ့။ သစ်ခွတို့ ဘွန်ဇိုင်းတို့နဲ့ ပတ်သက်တဲ့ စိုက်ပျိုးရေး ဝါသနာပါတဲ့သူတွေအနေနဲ့ အသိပညာတွေတိုးမယ်။ သစ်သီးဝလံနဲ့ ပတ်သက်ပြီးတော့လည်း စိုက်ပျိုးနည်းတွေကို မျှဝေပေးတာပေါ့။ သစ်ပင်၊ ပန်းမန်၊ သစ်သီးဝလံနဲ့ ပတ်သက်ပြီးတော့ အသိပညာတိုးပွားစေဖို့ ရည်ရွယ်ပါတယ်” ဟုပြောသည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးအစား ၂၄ မျိုးသတ်မှတ်ထားပြီး မြေယာရှုခင်းပြိုင်ပွဲအတွက် ပြင်ဆင်ခြင်းကို ဒီဇင်ဘာ ၂၉ ရက်မှ ၃၁ ရက်အတွင်း အပြီးပြင်ဆင်ရမည်ဖြစ်ပြီး သစ်သီးအလှပုံဖော်ပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက်နှင့် ပန်းအလှဆင်ပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
“လူတွေကြည့်ရှုသူ တော်တော်များပါတယ်။ အဲဒီလို လာရောက်ကြည့်ရှုသူတွေအတွက် ဗဟုသုတတွေ ရရှိပါတယ်။ ပြိုင်ပွဲဝင်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်တွေက အပြင်မှာ အရမ်းလှတယ်။ အဲဒါတွေကို ပွဲကိုလာရောက်တဲ့အခါ အပြင်မှာ လက်တွေ့လေ့လာနိုင်မှာဖြစ်ပါတယ်” ဟု ဦးကိုကိုလင်းကပြောသည်။

ပြိုင်ပွဲအတွင်း သစ်သီးဝလံပြိုင်ပွဲ (တစ်လုံးချင်း) ၊ သစ်သီးဝလံပြိုင်ပွဲ (ဥစား) ၊ သစ်သီးဝလံပြိုင်ပွဲ (အခိုင်လိုက်)၊ သစ်သီး ဝလံပြိုင်ပွဲ (အသီးပါအပင်) ၊ ဟင်းသီးဟင်းရွက်ပြိုင်ပွဲ (အရွက်)၊ ဟင်းသီးဟင်းရွက်ပြိုင်ပွဲ (အထုပ်)၊ ဟင်းသီးဟင်း ရွက်ပြိုင်ပွဲ (အလုံးလိုက်)၊ ဟင်းသီးဟင်းရွက်ပြိုင်ပွဲ (အသီးပါအပင်)၊ မြေယာရှုခင်းပြိုင်ပွဲ၊ ပြည်ပသစ်ခွပြိုင်ပွဲ (ကတ်တလီယာ)၊ ပြည်ပသစ်ခွပြိုင်ပွဲ (ဗန်ဒါ)၊ပြည်ပသစ်ခွပြိုင်ပွဲ (ဒန်ဒရိုဗီယမ်)၊ သစ်ခွအခြားအုပ်စုပြိုင်ပွဲ၊ ပြည်တွင်းသစ်ခွပြိုင်ပွဲ၊ အရွက်အလှပင်ပြိုင်ပွဲ (Indoor)၊ အရွက်အလှပင်ပြိုင်ပွဲ (Outdoor)၊ ရာသီပန်းပြိုင်ပွဲ၊ သက်ကြီးပင်ပုပြိုင်ပွဲ (Bonsai) (၆လက်မနှင့် ၁၀လက်မကြား)၊ သက်ကြီးပင်ပု ပြိုင်ပွဲ(Bonsai)(၁၀လက်မအထက်)၊ ပန်းအလှပြင်ဆင်ခြင်းပြိုင်ပွဲ၊ သစ်သီးအလှပြင်ဆင်ခြင်းပြိုင်ပွဲ၊ ပန်းအလှပင်ပြိုင်ပွဲစသည့် ပြိုင်ပွဲများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်းမှ ဥက္ကဋ္ဌ ဒေါက်တာစောလွင်က “ကျွန်တော်တို့က ပန်းမန် ပြပွဲ၊ ပြိုင်ပွဲ နဲ့ မြေယာရှုခင်းပြိုင်ပွဲကို ကျွန်တော်တို့အသင်းကနေပြီးတော့ ကျွန်တော်တို့အသင်းက အကဲဖြတ်ပညာရှင်တွေ အနေနဲ့ပါပါတယ်။ ဒီပွဲမှာ ပန်းထိုးတာတွေကိုလည်း ကျွန်တော်တို့ အသင်းကနေ ကူညီဆောင်ရွက်ပေးပါတယ်။ နောက်ပြီးတော့ ပန်းထိုးပြိုင်ပွဲမှာလည်း ကျွန်တော်တို့အသင်းကနေ အကဲဖြတ်ပညာရှင်အနေနဲ့ ဆောင်ရွက်ပေးတယ်။ နှစ်စဉ် ပြခန်းလေးတစ်ခုလည်း ဝင်ပြတယ်” ဟု ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၁၆ ရက်တွင်ပြောသည်။

မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်းအနေဖြင့် ပန်းထိုးနည်း ဗဟုသုတပြခန်းကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
“အခုလို ပွဲလုပ်တဲ့အတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ စိုက်ချင်၊ ပျိုးချင်စိတ် ရှိလာမယ်။ ပန်းမန်တွေကို ချစ်မြတ်နိုးစိတ်တွေရှိလာမယ်။ နောက်ပြီး စိုက်ပျိုးရေးနည်းစနစ်တွေကိုလည်း လေ့လာနိုင်တယ်။ ဆိုင်ခန်းတွေလည်း ရှိမှာပါ။ ဆိုင်ခန်းတွေမှာ ပန်းမန်တွေ၊ မြေဩဇာတွေနဲ့ ပန်းမန်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကိုလည်း ရောင်းမယ်ဆိုတော့ တစ်နေရာတည်းမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာစောလွင်က ဖြည့်စွက်ပြောကြားသည်။ (Xinhua)