Connect with us

Education & Health

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ (၂၀၂၄) ကို ဇွန်လအတွင်း နေပြည်တော်၌ ကျင်းပမည်

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) ကျင်းပနိုင်ရေး အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ- MRTV)

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကို ယခုနှစ် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ ၃ ရက်တိုင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) တွင် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ညီလာခံကျင်းပရေးကော်မတီ အစည်းအဝေးထံမှ သိရသည်။

ယခုနှစ် ပညာရေးညီလာခံတွင် ယခင်နှစ်ညီလာခံက ဖော်ထုတ်ရရှိခဲ့သည့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ Parallel Session များအလိုက် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးပညာ၊ ဆရာအတတ်ပညာနှင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍတို့အပြင် အရည်အသွေး အာမခံမှုဆိုသည့် ကဏ္ဍသစ် တစ်ခုကိုထပ်တိုးထားသည့်အတွက် စုစုပေါင်း ကဏ္ဍ ၆ ခုရှိမည်ဖြစ်ပြီး ကဏ္ဍတစ်ခုချင်းစီအလိုက် စာတမ်း ၆ ခုစီကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း၊ ဆွေးနွေးမှုရလဒ်များကိုလည်း ပြန်လည် သုံးသပ်ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း စာတမ်းအလိုက်၊ ဆွေးနွေးမှုများအလိုက် ဖော်ထုတ် သွားကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်က ပြောသည်။

ယခင်နှစ်က ကဏ္ဍ ၅ ခုအတွက် စာတမ်း ၄၂ စောင် ဖတ်ကြားခဲ့ပြီး ယခုနှစ်မှာ ကဏ္ဍ ၆ ခုအတွက် စာတမ်း ၃၆ စောင် ဖတ်ကြားသွားမည်ဖြစ်သည့် အတွက် စာတမ်းအရေအတွက် နည်းခြင်းများခြင်းထက် ရလဒ်ကောင်းများရရှိနိုင်ရေး ဦးတည်ရန်ကိုလည်း တိုက်တွန်းလိုကြောင်း ဒုတိယဝန်ကြီးချုပ်က ဆိုသည်။

အဆိုပါ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကို “လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရေးကို ပိုမို မြှင့်တင်ပေး”ဆိုသည့် ဦးတည်ချက်ဖြင့်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)