Connect with us

Myanmar

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ ငွေကျပ် ၂ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ ငွေကျပ် ၂ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMARက ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၈ ရက် မွန်းတည့် ၁၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကြိုတင် သတင်းရရှိထားသူအား စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၁ ကီလိုဂရမ် ၊ Happy Water ၁၀၅ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူတစ်ဦးကိုလည်း ယင်းနေ့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်အရ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၁) ရပ်ကွက်၊ စကားဝါလမ်းရှိ ဖမ်းမိတရားခံ၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၈ သိန်းနှင့် ဘိန်းဖြူ ၅၀ ဂရမ် ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာလ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် အမျိုးသား ၂ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၂ သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၄၁ ဘီလီယံကျော်တန်ဖိုးရှိ ကက်တမင်း ၁ ကီလိုဂရမ်၊ Happy Water ၁၀၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ သိန်းနှင့် ဘိန်းဖြူ ၅၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းဖမ်းဆီးရမိသူတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)