Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ငှက်ပျောတောကျေးရွာအနိမ့်ပိုင်း၌ ပလွေးချောင်းရေလျှံ၍ ရေဝင်ရောက်မှုကြောင့် အိမ်ခြေ ၅၀ ခန့် အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရဟုဆို

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ငှက်ပျောတောကျေးရွာအနိမ့်ပိုင်း၌ ပလွေးချောင်းရေလျှံ၍ ရေဝင်ရောက်မှုကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်က ကူညီရေးများဆောင်ရွက်နေစဉ် (ဓာတ်ပုံ-လူမှုကရုဏာရှင် လူမှုကူညီရေးအသင်း)

ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ငှက်ပျောတောကျေးရွာ အနိမ့်ပိုင်း၌ အောက်တိုဘာ ၃၀ ရက်၊ နေ့လယ်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ပလွေးချောင်းမှ ရေများလျှံကာ ရွာထဲသို့ ရေဝင်ရောက်ခဲ့သည့်အတွက် အိမ်ခြေ ၅၀ ခန့် အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း လူမှုကရုဏာရှင် လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးပေါ်ဦးက ဆင်ဟွာသို့ အောက်တိုဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
“အိမ်ခြေက ၅၀ လောက်၊ လူဦးရေက ၁၀၀ နဲ့ ၁၅၀ လောက်ကို မနေ့က ကျွန်တော်တို့ လူမှုကူညီရေး အသင်းရော၊ တခြားလူမှုကူညီရေးအသင်းတွေရော၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရော ဝိုင်းဝန်းပြီး ပြောင်းရွှေ့ပေးခဲ့ကြပါတယ်” ဦးပေါ်ဦးက ပြောသည်။
ငှက်ပျောတောကျေးရွာတွင် နေထိုင်သည့် ဦးကျော်ပိုင်က “ရေက ရုတ်တရက်တက်လာတာပါ။ အရင်က ရေမတက်ဖူးဘူး။ ကျွန်တော်တို့ လယ်ဝေးဘက်မှာ ၂ ရက်လောက်ရှိပြီ။ မိုးကဆက်တိုက်ရွာခဲ့လို့ ချောင်းရေလျှံပြီး ရွာထဲကို ရေဝင်ခဲ့တာ” ဟု ဆင်ဟွာသို့ပြောသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပလွေးချောင်းမှ ရေများလျှံလာခြင်းဖြစ်ကြောင်း သိရသည်။
ဦးပေါ်ဦးက “ရွာက လေဆိပ်အနီးမှာရှိတာ။ ဧလာလေယာဉ်ကွင်းဘက်သွားတဲ့ ရန်ကုန်-မန္တလေး လမ်းဟောင်းဘက်ပေါ့။ ရွာက အနိမ့်ပိုင်းဖြစ်တယ်။ ရေက ရန်ကုန်-မန္တလေး လမ်းဘက်ကနေ အမြင့်လမ်းဖြတ်တဲ့ဘက်က တက်လာတော့ ရွာကို ပိတ်ထားသလို ဖြစ်သွားတာ။ ရွာဘက်ကလည်း အကူအညီတွေ တောင်းကြတာပေါ့။ ရွာအနိမ့်ပိုင်းတွေမှာဆိုရင် ၄ ပေ၊ ၅ ပေလောက်အထိ ရေတက်ခဲ့ပါတယ်” ဟု ဦးပေါ်ဦးက ပြောသည်။
ထိုသို့ ရေကြီးမှုကြောင့် ငှက်ပျောတောရွာတွင် ရှိသော စပါးခင်း၊ ပြောင်းခင်း၊ ငှက်ပျောခင်း၊ မြေပဲခင်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ရွာခံများ၏ ပြောကြားချက်အရ သိရသည်။
ငှက်ပျောတောရွာတွင် နေထိုင်သည့် ဒေါ်ရီရီက “ရေကတော့ ကျပြီ။ အိမ်မပြန်ရဲသေးဘူး။ မြွေတို့ ၊ အဆိပ်ရှိတဲ့ အကောင်တို့ အိမ်မှာ တင်ကျန်ခဲ့မှာစိုးလို့” ဟု ဆင်ဟွာသို့ ပြောသည်။
အဆိုပါ ရေကြီးရေလျှံမှုကို လူမှုကူညီရေးအသင်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ဝိုင်းဝန်းကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)