Connect with us

Myanmar

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တရားမဝင်အွန်လိုင်းဘောလုံးလောင်းကစား လုပ်ကိုင်သူ ၂၇ ဦးကို ဖမ်းဆီးအရေးယူ

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဖမ်းဆီးရမိသည့် တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ကိုင်နေသူများကိုတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တရားမဝင် အွန်လိုင်းဘောလုံးလောင်းကစား လုပ်ကိုင်သူ ၂၇ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အောက်တိုဘာ ၂၃ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ လွန်ခဲ့သည့် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲရပ်ကွက်၊ အမှတ် (၁၈၈) ရှိ Secret Villa Private Resort မှာ Ibet 789 Online ဘောလုံးလောင်းကစား Website လုပ်ငန်းလုပ်ကိုင်နေသူတွေ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ Super Senior Agent ဖြစ်သူ ယဉ်မင်းလှိုင်နှင့် မာရီယာ (ခေါ်) မီးလေး၊ Senior Agent ဖြစ်သူ ဝင်းပပအောင် တို့ အပါအဝင် ၁၄ ဦးကို လက်ကိုင်ဖုန်း ၂၃ လုံး၊ မော်တော်ယာဉ် ၃ စီးနဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် အောက်တိုဘာ ၁၅ ရက်၌ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းရပ်ကွက်၊ ရတနာလမ်းရှိ The Lord စားသောက်ဆိုင်အနီး Super Senior Agent ဖြစ်သူ ဖြိုးမင်းသူ (ခေါ်) ရောင်နီ အပါအဝင် သုံးဦးကို လက်ကိုင်ဖုန်း ၅ လုံး၊ မော်တော်ယာဉ် ၃ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၁၆ ရက်၌ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၁) ၊ ခေမာလမ်းရှိ နေအိမ်တစ်အိမ်တွင် Ibet 789 Online ဘောလုံးလောင်းကစား လုပ်ရန် စည်းရုံးသိမ်းသွင်းခဲ့သည့် Super Senior Agent ဖြစ်သူ ဇင်မင်းအောင် (ခေါ်) ဇင်ကြီး အပါအဝင် ၃ ဦးကို လက်ကိုင်ဖုန်း ၇ လုံး၊ လက်ပ်တော့ ၁ လုံး၊ မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းမိဆီးရမိခဲ့ပြီး မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင် ရပ်ကွက်၊ လမ်း ၄၀၊ ၅၃ လမ်း နှင့် ၅၄ လမ်းကြားရှိ Focus ဟိုတယ်တွင် Super Senior Agent ဖြစ်သူ ပြည့်ဖြိုးအောင် (ခေါ်) မင်းထက်၊ Agent ဖြစ်သူ မေမြတ်နိုး တို့ကို လက်ကိုင်ဖုန်း ၅ လုံး၊ လက်ပ်တော့ တစ်လုံး၊ မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ၁၂ ရပ်ကွက်၊ Eleven Minimart ရှေ့တွင် ခင်မောင်ဖြိုး (ခေါ်) ဇော်ဝင်း အပါအဝင် ၅ ယောက်ကို လက်ကိုင်ဖုန်း ၉ လုံး၊ Tablet ၂ လုံးနှင့်အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးရမိသူများကို စိစစ်ဖော်ထုတ်ချက်အရ Ibet 789 Online ဘောလုံးလောင်းကစား Website အပါအဝင် Slot လောင်းကစား၊ Shan 234 ဖဲလောင်းကစား၊ 2D/3D လောင်းကစား Website စသော လောင်းကစားလုပ်ငန်းများတွင် ကော်မရှင်စား Agent များအဖြစ် လုပ်ကိုင်ခွင့်ရရန် အလုပ်လျှောက်ထားကာ သက်ဆိုင်ရာ လောင်းကစား ကြော်ငြာပုံများကို ကြော်ငြာပေးရကြောင်း၊ Agent လုပ်ကိုင်စဉ် အသုံးပြုသူများ ပိုမိုရှာဖွေနိုင်ပါက Senior Agent အဖြစ်ပြောင်းလဲ လုပ်ကိုင်နိုင်ကြောင်း၊ Senior Agent လုပ်ကိုင်နေစဉ် ကော်မရှင် Agent များနှင့် အသုံးပြုသူများ ပိုမိုရှာဖွေနိုင်မည်ဆိုပါက Super Senior Agent အဖြစ် ပြောင်းလဲလုပ်ကိုင်နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ လက်ကိုင်ဖုန်း ၄၉ လုံး၊ လက်ပ်တော့ ၂ လုံး၊ Tablet ၂ လုံး၊ မော်တော် ယာဉ် ၈ စီးတို့အား သိမ်းဆည်းရမိခဲ့ကာ ကျူးလွန်သူများကို ထိရောက်စွာ အမှုဖွင့်လှစ် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြည်သူများအနေဖြင့် အွန်လိုင်းလောင်းကစားလုပ်ငန်း ပြုလုပ်နေသူများက သိရှိ၊တွေ့ရှိပါက သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာ သတင်းပေးပို့ရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.