Connect with us

Myanmar

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ၃၈ မျိုး ၀င်ရောက် ယှဥ်ပြိုင်မည်

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းပွဲအခမ်းအနားကျင်းပစဥ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ နို၀င်ဘာ ၂၀ ရက် (ဆင်ဟွာ)

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ၃၈ မျိုး ၀င်ရောက် ယှဥ်ပြိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (နို၀င်ဘာ ၂၀ ရက်) က ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းပွဲအခမ်းအနားကို နို၀င်ဘာ ၁၉ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားကာ အောင်လံရေးအလံကို အပ်နှင်းခဲ့ကြောင်း သိရသည်။

ယခုပြိုင်ပွဲကြီးသည် နိုင်ငံတော်အတွက် ဆုတံဆိပ်များဆွတ်ခူးပြီး အားကစားလူချွန်လူကောင်းများဖြစ်သည်ကို လက်တွေ့ပြသနိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်လည်းဖြစ်ကြောင်း၊ အဆိုပါအခွင့်အလမ်းကြီးကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်သွားနိုင်ကြမည်ဟုလည်း နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးက ယုံကြည်မျှော်လင့်လျက်ရှိကြောင်း၊ နိုင်ငံတော်နှင့် မိဘပြည်သူများ၏ ယုံကြည်မျှော်လင့်ချက်များကို အကောင်အထည်ဖော်ရန် အားကစားသမားများအနေဖြင့် ရေကုန်ရေခမ်း အားထုတ်ကြိုးပမ်းသွားကြမည်ဟုလည်း အလေးအနက်ယုံကြည်ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း (၅၄)မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၃၈) မျိုးတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ အဆိုပါ အားကစားနည်းများသည်

မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့် စနူကာ၊ ဘိုးလင်း၊ လက်ဝှေ့၊ ခရစ်ကက်၊ စစ်တုရင်၊ စက်ဘီး၊ မြင်းစီး၊ ဘောလုံး၊ ဖူဆယ်၊ E-Sports၊ ဂေါက်သီးရိုက်၊ ကျွမ်းဘား၊ ဟော်ကီ၊ ဂျူဒို၊ ဂျူဂျစ်ဆု၊ ကဘာတီ၊ ကရာတေး၊ ကစ်ဘောင်ဆင်၊ မွေ၊ ပန်ကြပ်ဆီလတ်၊ ပီတန်း၊ အပြည်ပြည်ဆိုင်ရာလှေ၊ ကနူးကယက်၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ သေနတ်ပစ်၊ စကိတ်၊ စကွက်ရှ်၊ ရေကူး၊ တိုက်ကွမ်ဒို၊ တက်ဂ်ဘော၊ ဘော်လီဘော၊ အလေးမ၊ နပန်းနှင့် ဝူရှူး စသည်တို့ဖြစ်ကြောင်း သိရသည်။

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်၊ ချွန်ဘူရီနှင့်ဆုန်ခလာမြို့တို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ယခင် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအသင်းသည် အားကစားနည်း (၁၉) နည်း ဝင်ရောက်ယှဉ်ပြိုင်ရာမှ ရွှေတံဆိပ် ၂၁ ဆု၊ ငွေတံဆိပ် ၂၅ ဆု၊ ကြေးတံဆိပ် ၆၈ ဆု စုစုပေါင်း (၁၁၄) ဆု ရရှိခဲ့သည်။ (Xinhua)