Connect with us

Myanmar

မြန်မာနိုင်ငံတွင် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေး အိမ်ရှင်အဖြစ် လက်ခံကျင်းပ

(၃၁)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးကျင်းပစဥ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နို၀င်ဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် (၃၁)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးကို နေပြည်တော်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (နို၀င်ဘာ ၂၁ ရက်) ထုတ်ပြန်သော သတင်းအရသိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သည့် (၃၁) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး (31st ASEAN Transport Ministers Meeting – 31st ATM)နှင့် ဆက်စပ်အစည်းအဝေးများကို နို၀င်ဘာ ၂၀ ရက်တွင် နေပြည်တော် Jasmine Hotel ၌ Hybrid Mode ဖြင့် စတင်ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ယနေ့အစည်းအဝေးတွင် ဆွေးနွေးချက်များသည် လာမည့်ဆယ်စုနှစ်အတွင်း အာဆီယံပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမြောက် ဦးတည်ချက်များချမှတ်ရာတွင် များစွာအရေးပါမှုရှိကြောင်း၊ မိတ်ဖက်များနှင့် ထိတွေ့ဆက်ဆံမှု၊ စည်းလုံးညီညွတ်မှု၊ အပြန်အလှန် လေးစားမှု စသည့် အခြေခံမူများနှင့်အညီ ပြည်သူများအားလုံးအတွက် သာယာဝပြော၍ခံနိုင်ရည်ရှိပြီး အားလုံးပါဝင်နိုင်သော သယ်ယူပို့ဆောင်ရေးစနစ်အား ပုံဖော်နိုင်မည်ဟုယုံကြည်ကြောင်း၊ ယခုအစည်းအဝေးနှင့်အတူ ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံတို့နှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အဆိုပါ အစည်းအ၀ေးတွင် အာဆီယံပို့ဆောင်ရေးဝန်ကြီးများက ၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများ၊ ကွာလာလမ်ပူ သယ်ယူပို့ဆောင်ရေးစီမံကိန်း (၂၀၁၆-၂၀၂၅) အပြီးသတ်အစီရင်ခံစာ၊ အာဆီယံပို့ဆောင်ရေးစီမံကိန်း (၂၀၂၆-၂၀၃၀)၊ သင်္ဘောမှစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံဒေသတွင်း မဟာဗျူဟာ၊ အာဆီယံလျှစ်စစ် သုံးယာဉ်အကောင်အထည်ဖော်ရေးလမ်းပြမြေပုံ၊ ဒစ်ဂျစ်တယ်စနစ်ဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးနှင့် အိမ်တိုင်ရာရောက်ဝန်ဆောင်မှု ပေးအပ်ရေးလုပ်ငန်းဆိုင်ရာများ၊ ရထားပို့ဆောင်ရေးလုပ်ငန်း အပြန်အလှန်လုပ်ငန်းဆောင်ရွက်မှု တိုးမြှင့်ခြင်းဆိုင်ရာ မဟာဗျူဟာ စီမံကိန်းများအား အတည်ပြုကြကြောင်း သိရသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၁) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ ဝန်ကြီးများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အပါအဝင် စုစုပေါင်း ၁၈၇ ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်တွင် အဆိုပါစည်းအဝေးများကို ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117