Connect with us

Myanmar

မြန်မာနိုင်ငံ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်

မြန်မာနိုင်ငံ ယာယီသမ္မတ ဦးမြင့်ဆွေအားတွေ့ရစဉ်( ဓာတ်ပုံ-Information Team)

နေပြည်တော်၊ ဩဂုတ် ၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ (ဩဂုတ် ၇ ရက်) နံနက် ၈ နာရီ ၂၈မိနစ်တွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကွယ်လွန်သွားခဲ့ကြောင်း
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ အာရုံကြောများ နှေးကွေးတုန့်ဆိုင်း သည့်ရောဂါ (Parkinson’s Disease) ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center တွင် လည်းကောင်း၊ မေလ ၂၇ ရက်မှ ဇွန်လ ၁၈ ရက်အထိအမှတ်(၂) တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) တွင် လည်းကောင်း ဆေးကုသမှုများခံယူခဲ့ကြောင်း သိရသည်။

ဆေးရုံဆင်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သောအထူးဆေး ကုသမှုအဖွဲ့ဖြင့်
ကျန်းမာရေးစစ်ဆေးကုသမှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း၊ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေမှာတိုးတက်ကောင်းမွန်လာခြင်းမရှိသည့် အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်မှ စတင်၍နေအိမ်၌ပင်ဆေးခွင့်ဖြင့် အနားယူ၍ ဆေးကုသမှုဆက်လက်ခံယူနေခဲ့ကြောင်း သိရသည်။

ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်တွင် အမှတ် (၂)တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ကြောင်း သိရသည်။ (Xinhua)