Connect with us

Culture & Entertainment

မြန်မာနိုင်ငံ အင်းလေးကန်တွင် ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပမည်

အင်းလေးကန်တွင် ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်တွင် ရိုးရာလှေလှော်ပြိုင်ပွဲကို စက်တင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စက်တင်ဘာ ၂၆ ရက်မှာ လှေလှော်ပြိုင်ပွဲကို ကျင်းပမှာဖြစ်ပြီး ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်တွေကို စက်တင်ဘာ ၂၈ ရက်မှာ ကျင်းပမှာပါ” ဟု အဆိုပါဌာနမှ တာဝန်ရှိသူ ဦးနေမျိုးသူရိန်က ဆင်ဟွာသို့ ပြောကြားသည်။

အဆိုပါ လှေလှော်ပြိုင်ပွဲတွင် အမျိုးသားရာကျော်လှေ၊ အမျိုးသားလေးကျိပ်ခြောက်တက်လှေ၊ အမျိုးသမီး လေးကျိပ်ခြောက်တက်လှေ၊ ကျောင်းသားနှစ်ကျိပ်ခြောက်တက်လှေနှင့် တစ်ဦးချင်းလှေပြိုင်ပွဲ အမျိုးအစားများ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လှေပြိုင်ပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ခြေထောက်လှော်ခတ်ရတဲ့ ရိုးရာလှေလှော်ပွဲကို ထိန်းသိမ်းဖို့၊ ဘုရားပွဲတော်ကို ကျင်းပဖို့နဲ့ တခြားဒေသက ခရီးသွားတွေကို ဆွဲဆောင်ဖို့ပါ” ဟု ၎င်းက ဆိုသည်။

နောက်ထပ် လှေလှော်ပြိုင်ပွဲကိုလည်း အင်းလေးကန်တွင် အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

ရိုးရာလှေလှော်ပြိုင်ပွဲများသည် အင်းလေးကန်၏ ဖောင်တော်ဦးဘုရားပွဲတော်တွင် မပါမဖြစ် အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။

အင်းလေးကန်သည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်တွင် တည်ရှိပြီး ဧရိယာအားဖြင့် ၄၈၉၇၂၁ ဟက်တာ ကျယ်ဝန်းသည်။ (Xinhua)