Myanmar
မြန်မာနိုင်ငံ လှည်းကူးမြို့နယ်၌ ယာဥ်နှစ်စီးတိုက်မိပြီး လူ ၄ ဦးသေဆုံးကာ ၂၆ ဦးထိခိုက် ဒဏ်ရာရရှိ
ရန်ကုန်၊ ဖေဖော်၀ါရီ ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ လှည်းကူးမြို့နယ်အတွင်း ယနေ့ (ဖေဖော်၀ါရီ ၃ ရက်) နံနက် ၇ နာရီခွဲတွင် ယာဥ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး လူ ၄ ဦး သေဆုံးကာ ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယာဥ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
လှည်းကူးမြို့နယ်၊ အမှတ် (၂) လမ်း၊ အင်းတိုင်ကျေးရွာအနီးတွင် အထည်ချုပ်စက်ရုံ ဖယ်ရီယာဥ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောအတွင်းသို့ ရောက်ရှိသွားစဉ် တစ်ဖက်ယာဥ်ကြောရှိ MINIBUS ခရီးသည်တင်ကားနှင့် တိုက်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း ယာဥ်ထိန်းရဲတပ်ဖွဲ့မှ တာ၀န်ရှိသူက ပြောသည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် ယာဉ်နှစ်စီးလုံး ပျက်စီးပြီး ယာဉ် (၂) စီးပေါ်ပါ ကျား/မ (၂၆) ဦး ထိခိုက်ဒဏ်ရာများရရှိပြီး ဖယ်ရီပေါ်ပါ ယာဥ်မောင်း အမျိုးသား (၁) ဦးနှင့် အမျိူးသမီး (၃) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ယာဥ်တိုက်မှုဖြစ်တဲ့နေရာမှာ ဖယ်ရီပေါ်ပါ ယာဥ်မောင်းနဲ့ အမျိုးသမီး ၂ ဦးပွဲချင်းပြီးဆုံးတယ်၊ နောက် ဆေးရုံရောက်မှ အမျိုးသမီး ၂ ဦး ထပ်ဆုံးတယ်၊ ဒဏ်ရာရတဲ့အထဲမှာ ၁၀ ဦးက စိုးရိမ်ရတယ်” ဟု ဂရုဏာရှင်ပရဟိတအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။ (Xinhua)



