Myanmar
မြန်မာနိုင်ငံ၏ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ်အဖြစ် ဦးခင်ရီ ရွေးကောက်တင်မြှောက်ခံရ
နေပြည်တော်၊ မတ် ၁၆ ရက် (ဆင်ဟွာ)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ဥက္ကဋ္ဌဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရီကို ယနေ့ (မတ် ၁၆ ရက်) ကျင်းပသော တတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် ဦးခင်ရီသည်
နေပြည်တော် ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ဒုတိယဥက္ကဋ္ဌအဖြစ် လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား ရွေးကောက်တင်မြှောက်ခဲ့သည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၃၇၃ ဦးရှိရာ ၃၇၃ ဦးလုံး တက်ရောက်ခဲ့ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသစ်အား မတ် ၁၈ ရက်တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် ပြည်သူရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ် ၂၆၃ ဦးနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး စုစုပေါင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၇၃ ဦး ရှိကြောင်း သိရသည်။ (Xinhua)






