Connect with us

Politics, Law & Military

ကိုးကန့်ဒေသ တည်ငြိမ် အေးချမ်းပါက ရွေးကောက်ပွဲ ကျင်းပပေးမည်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး အား ဇွန်လ ၈ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာနတွင် ကျင်းပသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ မဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ အသိပညာပေး ရှင်းလင်းခြင်းနှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

အစိုးရ တပ်မတော်နှင့် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) တို့ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည့် ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တည်ငြိမ် အေးချမ်းလာပါက ရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ကိုးကန့် ဒေသအတွင်း ရွေးကောက်ပွဲ ကော်မရှင်များ ဖွဲ့မရခြင်း၊ မဲစာရင်း ကောက်မရခြင်းများနှင့် မဲဆွယ် စည်းရုံးနိုင်ခြင်း မရှိသောကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မဖြစ်နိုင်ကြောင်း၊ အဆိုပါ ကိုးကန့်ဒေသသည် လာမည့် တစ်လ၊ နှစ်လအတွင်း တည်ငြိမ် အေးချမ်းလာလျှင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ပြီး မတည်ငြိမ်လျှင် ရွေးကောက်ပွဲ ကျင်းပပေးမည် မဟုတ်ကြောင်း ဦးတင်အေးက ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ မဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ အသိပညာပေး ရှင်းလင်းခြင်းနှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ဇွန်လ ၈ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာနတွင် ကျင်းပနေစဉ် (ဆင်ဟွာ)

ကိုးကန့် ဒေသကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်ပြီး စစ်အုပ်ချုပ်ရေးဖြင့် ရက် ၉၀ အုပ်ချုပ်ခဲ့ပြီး ယင်းဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် စစ်အုပ်ချုပ်ရေးရက် ၉၀ ထပ်မံ တိုးမြှင့် ထားသည်။

“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် ယခင် ရွေးကောက်ပွဲများတွင် ကျင်းပနိုင်ခြင်းမရှိဘဲ လက်ရှိ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌လည်း ခက်ခဲမှုများရှိသဖြင့် ရွေးကောက်ပွဲ ကျင်းပပေးနိုင် ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

မိုင်းလားဒေသ၌ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ယခင် ရွေးကောက်ပွဲကို မိုင်းလားဒေသတွင် ကျင်းပပေးနိုင်ခဲ့ပြီး ကချင်ပြည်နယ်ရှိ ဒေသအကုန်လုံး၌ မဲစာရင်း ကောက်ယူရန် အခက်အခဲ၊ ကိုယ်စားလှယ်များ မဲဆွယ် စည်းရုံးနိုင်ခြင်း မပြုလုပ်နိုင်သည့် အခက်အခဲများကြောင့် ကျင်းပပေးနိုင်ခြင်း မရှိကြောင်း ဦးတင်အေးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပ ပေးနိုင်မည်ဖြစ်ပြီး အခြေခံ မဲစာရင်းများကို ဇူလိုင်လအတွင်း ထုတ်ပြန်ပေးမည်ဖြစ်ပြီး ကချင်ပြည်နယ်ရှိ ရွေးကောက်ပွဲ ကျင်းပပေးနိုင်မည့် ဒေသများ အခြေခံ မဲစာရင်းများကိုလည်း မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်သည်။

အခြေခံ မဲစာရင်းများကို ရန်ကုန်တိုင်း ဒေသကြီးရှိ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မြောက်ဥက္ကလာပ၊ သင်္ကန်းကျွန်း၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ထန်းတပင် မြို့နယ်တွေမှာ မေလ ၂၅ ရက်ကနေ ဇွန်လ ၇ ရက်နေ့အထိ ၁၄ ရက်တိုင် ကြေညာခဲ့သည်။ (Xinhua)