Connect with us

Politics, Law & Military

စစ်ဆေးပြီးသည့် လှေစီးဒုက္ခသည် ၁၅၀ ကို နေရပ်သို့ ပြန်ပို့မည်

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဇွန်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်သည့် သံတမန် ရှင်းလင်းပွဲတွင် ရှင်းလင်းနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

မေလ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံမှ ကယ်တင်ထားသည့် လှေစီးဒုက္ခသည် ၂၀၈ ဦးအား မည်သည့် နိုင်ငံသားဖြစ်သည် ဆိုသည့် စစ်ဆေးမှုများ ပြုလုပ်ပြီးသည့်နောက် ပထမ အကြိမ် အနေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဒုက္ခသည် အယောက် ၁၅၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ယနေ့ ပြောကြားသည်။

ယနေ့ ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန အဆောက်အအုံဟောင်းတွင် ပြုလုပ်သည့် သံတမန် ရှင်းလင်းပွဲအပြီးတွင် မီဒီယာများ၏ ဝိုင်းဝန်း မေးမြန်းချက်အား ပြည်ထောင်စု ဝန်ကြီးမှ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လှေစီးဒုက္ခသည် များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ခေါ်ယူမှု လုပ်ငန်းစဉ် များကို ဇွန်လ ၇ ရက်နေ့တွင် စတင်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးမှ ပြောကြားခဲ့ကြောင်းကို မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဇွန်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့တွင် ဇွန်လ ၄ ရက်နေ့၌ ပြုလုပ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သံတမန် ရှင်းလင်းပွဲ မြင်ကွင်း (ဆင်ဟွာ)

ဦးဝဏ္ဏမောင်လွင်က “ဒုတိယအကြိမ် တွေ့ရှိတဲ့ လှေစီးဒုက္ခသည် ၇၀၀ ကိုတော့ ကျွန်တော်တို့ မနက်ဖြန် စတင် စစ်ဆေးမှုတွေ ပြုလုပ်မှာပါ။ ကျွန်တော်တို့ ဘက်က သက်ဆိုင်ရာ တာဝန်ရှိသူ တွေရော၊ ဘင်္ဂလားဒေ့ရှ်ဘက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေရော ပါဝင် စစ်ဆေးမှုတွေ ပြုလုပ်ကြမှာပါ” ဟုပြောသည်။

ယနေ့တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုဖြစ်စဉ်များ နှင့် လှေစီးဒုက္ခသည်များ တွေ့ရှိမှုနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ သံတမန်ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ သံတမန်ရှင်းလင်းပွဲ သို့ နိုင်ငံတကာမှ သံတမန်များ၊ ပြည်တွင်းပြည်ပ မီဒီယာများ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.