Connect with us

Politics, Law & Military

တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရိုးရာ ယဉ်ကျေးမှုများကို အခြေခံ၍ အသေးစား ၊ အလတ်စား စီးပွားရေး လုပ်ငန်းများ လုပ်ဆောင် သွားရန် စီမံ/ဘဏ္ဍာ ဝန်ကြီးပြော

နေပြည်တော်ကောင်စီဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး များ/စီးပွားရေး ဝန်ကြီးများနှင့် (၅/၂၀၁၇) ကြိမ်မြောက် လစဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရိုးရာ ယဉ်ကျေးမှုများကို အခြေခံ၍ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများကို လုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့သည်။

နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးမှု တိုးတက်စေရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များမှ နေပြည်တော်ကောင်စီဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး များ/စီးပွားရေး ဝန်ကြီးများနှင့် (၅/၂၀၁၇) ကြိမ်မြောက် လစဉ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

SME လုပ်ငန်းများ အားကောင်းလာစေရန်အတွက် ပြည်ပပို့ကုန် ထောက်ပံ့မှု ပေးနိုင်သည့် ထုတ်လုပ်မှု လုပ်ငန်း များကို အဓိက ဦးစားပေး စဉ်းစားစေလိုကြောင်း၊ ပြည်ပ ပို့ကုန် များပြားလာလျင် နိုင်ငံခြားဝင်ငွေလည်း တိုးတက်လာပြီး နိုင်ငံတော်၏ GDP လည်း တိုးတက်လာမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့သည်။

လက်ရှိ အခြေအနေတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် မဖြစ်မနေ ဦးစားပေး ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ စီးပွားရေး လုပ်ငန်းများ တည်ငြိမ်အောင် ဆောင်ရွက်နိုင်ရန် အတွက် ဆောက်လုပ်ရေး လုပ်ငန်း ကိုလည်း ဦးစားပေးအနေဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လက်ရှိတွန်းအားပေး ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအရ Infrastructure Development၊ MSME များကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။တိုင်းဒေသကြီး/ ပြည်နယ်များမှ တောင်သူ လယ်သမားများ အနေဖြင့် ကြက်၊ ဝက်၊ နွားများကို စီးပွားဖြစ် မွေးမြူနိုင်ခြင်း မရှိသေးသဖြင့် မွေးမြူရေး လုပ်ငန်းရှင်များကို ချေးငွေများ ထုတ်ချေး၍ တောင်သူ လယ်သမား များ အတွက် မွေးမြူရေး လုပ်ငန်းများကိုပါ ပူးတွဲ လုပ်ကိုင်နိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)