Connect with us

Politics, Law & Military

NCA ထဲသို့UNFC အဖွဲ့ များ ပါဝင်လာနိုင်ရေး အောင်မြင်သော ဆွေးနွေးပွဲ တစ်ခု ဖြစ်ရန် မျှော်လင့်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ပြောကြား


ရန်ကုန် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ)

ငြိမ်းချမ်းရေး ရရှိရန် ခြေလှမ်း အစ ဖြစ်သည့် NCA ထဲသို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)၏ အဖွဲ့များ ပါဝင်လာနိုင်ရေး အတွက် အောင်မြင်သော ဆွေးနွေးပွဲ တစ်ခု ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ယနေ့အောက်တိုဘာ ၂၃ ရက်တွင် ပြုလုပ်သော ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ သတ္တမ အကြိမ်မြောက် အစည်းအဝေးတွင် ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA)မူဘောင်ထဲသို့ဝင်လာနိုင်ရေး အတွက် အမြဲတမ်း တံခါးဖွင့်ထားကြောင်း PC ဒုတိယ ဥက္ကဋ္ဌက ပြောသည်။

“အခြေအနေ အကြောင်းအရာ အရပ်ရပ်ကြောင့် လိုအပ်ချက်တွေ ရှိတယ် ဆိုရင် NCA ရဲ့အပြင်ကနေ ပြောကြ မည့် အစား NCA အတွင်းထဲမှာ ဝင်လာပြီးတော့ ညီညီ ညွတ်ညွတ် မျှမျှတတ နဲ့အားလုံး တိုင်တိုင် ပင်ပင် ညှိနှိုင်း ပြီးတော့ ဆောင်ရွက်ပေးကြပါလို့ကျန်ရစ်ခဲ့တဲ့ အဖွဲ့များ အားလုံးကိုလည်း ဒီနေရာကနေ မေတ္တာ ရပ်ခံရင်း ဖိတ်ခေါ်ပါတယ်။”ဟု ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး ကော်မရှင် နှင့် နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ တို့၏ သတ္တမ အကြိမ်မြောက် အစည်းအဝေးအား တွေ့ရစဉ်(ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) ဆိုသည်မှာ ငြိမ်းချမ်းရေး ပန်းတိုင် မဟုတ်ဘဲ ငြိမ်းချမ်းရေး၏ မုဒ်ဦး တံခါး၀ အစ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က တပ်မတော် အနေဖြင့် NCA ဆိုသည်ကို ငြိမ်းချမ်းရေး၏ မဟာဗျူဟာ အနေဖြင့် သတ်မှတ်ပြီး အစဉ်တစ်စိုက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) မှ အဖွဲ့ခေါင်းဆောင် ခူဦးရယ်က နှစ်ဘက်လုံးမှ လက်ခံပြီး အတူတကွ လျှောက်လှမ်းနိုင်မည့် လမ်းကြောင်း တစ်ခု အပေါ် ရောက်အောင် ညှိနှိုင်း အဖြေရှာမည် ဆိုသည့် ရည်မှန်းချက် ရှိကြောင်း ၊ ယခု တစ်ခေါက်တွင် အဆိုပြုချက် ၈ ချက်အား နည်းလမ်းကောင်း တစ်ခုခုဖြင့် ကျော်လွှားရန် အချိန်တန်ပြီဟု နားလည်ကြောင်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ သတ္တမ အကြိမ်မြောက် အစည်း အဝေးကို အောက်တိုဘာ ၂၃ ရက်မှ စ၍ ၂၄ ရက် အထိ ၂ ရက်ကြာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုအစည်းအဝေးသို့ငြိမ်းချမ်းရေး ကော်မရှင်မှ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော် ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)မှ အဖွဲ့ခေါင်းဆောင် ခူဦးရယ် ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.