Connect with us

Politics, Law & Military

တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်၌ လက်မှတ်ရေးထိုး

မြန်မာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က ယနေ့ နေပြည်တော်တွင် လက်မှတ် ရေးထိုးလိုက်သည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို အစိုးရဘက်မှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတ များ ဖြစ်သော ဒေါက်တာ စိုင်းမောက်ခမ်း နှင့် ဦးဉာဏ်ထွန်း ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ နှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များ လက်မှတ် အပြန်အလှန် ရေးထိုးကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် တွင် လက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

တိုင်းရင်းသားခေါင်းဆောင်များ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို ပြည်တွင်း သက်သေ (၂၁) ဦး၊ နိုင်ငံတကာ သက်သေ (၆) ဦး တို့က သက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြသည်။

နိုင်ငံ (၅၀) မှ သံတမန်များ ရှေ့မှောက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာချုပ်ကို ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA)၊ ကရင် အမျိုးသား အစည်းအရုံး / ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU / KNLA-PC)၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) (RCSS/ SSA) တို့ လက်မှတ် ရေးထိုးခဲ့သည်။ (Xinhua)