Politics, Law & Military
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အာဆီယံ ခေါင်းဆောင်များ စုဝေးပွဲသို့ တက်ရောက်ရန် အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာ
ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် အင်ဒိုနီးရှား သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို ၏ ဖိတ်ကြားချက် အရ အင်ဒို နီးရှား သမ္မတနိုင်ငံ ဘာလီကျွန်း၌ ကျင်းပပြုလုပ်မည့် အာဆီယံခေါင်းဆောင်များစုဝေးပွဲ (ASEAN Leaders´ gathering ) သို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ အင်ဒိုနီးရှား သမ္မတ နိုင်ငံသို့ ထွက်ခွာသွားကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်သမ္မတနှင့်အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်၊ အမြဲတမ်း အတွင်းဝန်များ ဖြစ်ကြသည့် ဦးခင်လတ်၊ ဦးမြင့်သူနှင့် ဦးထွန်းထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး များနှင့် တာဝန်ရှိသူများ လိုက်ပါ သွားကြကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ၏ ခရီးစဉ်တွင် အဖွဲ့ဝင် တစ်ဦး အဖြစ် ပါဝင်သည့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း သည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ နှင့် ကမ္ဘာ့ဘဏ် အုပ်စု တို့၏ နှစ်ပတ်လည် အစည်းအဝေးများ တက်ရောက်ရန် အောက်တိုဘာ ၁၀ ရက် ကတည်းက အင်ဒိုနီးရှားနိုင်ငံသို့ ကြိုတင် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့်အဖွဲ့ဝင်များအား ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးမင်းနောင်၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ် ချုပ်ကြီး အောင်ဝင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံသံအမတ်ကြီး H.E. Prof. Dr.Iza Fadri နှင့် ဇနီးနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြကြောင်း သိရသည်။(Xinhua)