Politics, Law & Military
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပ
ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)
ဇူလိုင်လ ၁၉ ရက်တွင် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပခဲ့ကြကြောင်း သိရသည်။
၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ကုန်းရှိ အာဇာနည်ဗိမာန်၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်များ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ တက်ရောက် ဂါရဝပြု လွမ်းသူပန်းခွေ ချခဲ့ကြသည်။
အာဇာနည်နေ့တွင် ဗိုလ်ချုပ်ကြေးရုပ်သို့ ပြည်သူအများ လာရောက်ဂါရဝပြုနေကြစဉ် (ဆင်ဟွာ)
အာဇာနည်နေ့တွင် ဗိုလ်ချုပ်ကြေးရုပ်သို့ ပြည်သူအများ လာရောက်ဂါရဝပြုနေကြစဉ် (ဆင်ဟွာ)
အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ပြည်သူအများ လာရောက်ကြည့်ရှုလေ့လာစဉ် (ဆင်ဟွာ)
အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်နှင့် ဗိုလ်ချုပ်ကြေးရုပ်၊ အတွင်းဝန်ရုံးများသို့လည်း ယနေ့ နံနက်မှစ၍ ပြည်သူအများအပြား ဝင်ရောက် ဂါဝရပြုရန် စတင်ရောက်ရှိခဲ့ကြသည်။
ရန်ကုန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ ယခင်အတွင်းဝန်ရုံးကို အများပြည်သူများ လာရောက် လေ့လာခွင့် ပြုထားရာ နံနက် ၈ နာရီ ၃၀ မိနစ်မှ စတင်၍ အများပြည်သူများ လာရောက် လေ့လာ ဂါဝရပြုလျက် ရှိသည်။
အာဇာနည်ဗိမာန်၌ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များ အလေးပြုခြင်းအခမ်းအနားကို ရုပ်မြင်သံကြားမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့သည်။ ထို့ပြင် အာဇာနည်ဗိမာန်သို့ ပြည်သူများ ဝင်ရောက် ဂါရဝပြုနိုင်ရန် အာဇာနည်လမ်းနှင့် အနောက် ရွှေဂုံတိုင်လမ်း အဆုံးအထိ အများပြည်သူများအား ဝင်ခွင့် ပြုထားသည်။
အာဇာနည် ကိုးဦးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဥသြဆွဲခြင်းများ၊ ပြည်သူများက ငြိမ်သက်စွာနေ၍ အလေးပြုခြင်းများ ပြုလုပ်ခဲ့သည်။
နေပြည်တော် ဇမ္ဗူသီရိ ခန်းမဆောင်၌ ကျင်းပ ပြုလုပ်သော (၆၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် သံဃာ ၉ ပါးအား ဆွမ်းဆက်ကပ် လှူဒါန်းရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားရာ နတ်မောက်မြို့တွင်လည်း အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ကြကြောင်း သိရသည်။
ကန်တော်ကြီး ပတ်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်သို့လာရောက် ဂါရ၀ ပြုသူများ အနက် လှုှိင်သာယာမြို့နယ်မှ လာရောက်သည့် ဒေါ်မိုးဝေက “အာဇာနည်နေ့မှာ နှစ်စဉ် နှစ်တိုင်း အလုပ်သမားတွေ စုပြီး ဂါရ၀ လာပြုဖြစ်ပါတယ်။တိုင်းပြည်နဲ့လူမျိုး အတွက် ၊ လွတ်လပ်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်ပေးတဲ့ အာဇာနည် ခေါင်းဆောင်တွေကို အသိအမှတ် ပြုသော အားဖြင့် လာပြီး အလေးပြုပါတယ်။အာဇာနည် အကြောင်းကို လူငယ်လူရွယ်တွေ သိရှိခြင်း အားဖြင့် အနာဂတ်မှာ နိုင်ငံရဲ့သူရဲကောင်းတွေအနေနဲ့အာဇာနည် စိတ်ဓာတ်တွေ မွေးစေချင်လို့ဖြစ်ပါတယ်။ဒီနှစ် အာဇာနည်နေ့က တစ်ခြား နှစ်တွေနဲ့မတူဘူး။အကုန်လုံးက တက်တက် ကြွကြွ နိုးနိုးကြားကြား ရှိတယ်။ရုပ်သံ ၊ ရေဒီယို အသံလိုင်းတွေကနေ ဥသြဆွဲသံတွေနဲ့ရောက်ရာနေရာကနေ ဂါရဝပြုကြတယ်။နိုင်ငံမှာလည်း အပြောင်းအလဲတွေ ဖြစ်လာတဲ့ အတွက် ဒီနှစ် အာဇာနည်နေ့က တခြား နှစ်တွေနဲ့မတူတဲ့ ခံစားမှုတွေ အများကြီး ရှိပါတယ်။”ဟု ပြောကြားခဲ့သည်။
အစိုးရသစ် လက်ထက်တွင် အာဇာနည်နေ့ အခမ်းအနားကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ အစိုးရအဖွဲ့ဝင်များ၊ ပြည်သူများက ဝမ်းနည်းခြင်း အထိမ်းအမှတ် ဂါဝရပြုခြင်း ၊ အာဇာနည်ခေါင်းဆောင်များကိုရည်စူး ၍ ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများကို ပြုလုပ်ပေးခဲ့ကြသည်။ (Xinhua)