Politics, Law & Military
မြန်မာ့တပ်မတော် တွင် အရွယ်မရောက်သေးသည့်ကလေးစစ်သားလက်မခံ
နေပြည်တော်၊ မေလ ၂၉ ရက် (ဆင်ဟွာ)
အသက် ၁၈ နှစ် မပြည့်သေးသော စစ်သည် ၆၇ ဦးတို့အား မိဘ အုပ်ထိန်းသူများထံ ပြန်လည် ပေးအပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“တပ်မတော်သို့ ဝင်ရောက်စဉ် အသက် ၁၈ နှစ် မပြည့်သေးသည့် စစ်သည် ၆၇ ဦးတို့ကို အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ ၂၀၁၇ ဇွန်လ ၂၃ ရက်နေ့မှ တပ်မတော်က လုပ်ထုံးလုပ်နည်းနဲ့ အညီ နုတ်ထွက်ခွင့်ပြု၍မိဘ အုပ်ထိန်းသူများထံ အခမ်းအနားဖြင့် လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်”ဟု နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ယနေ့ ညနေပိုင်း ပြုလုပ်သော သတင်းစာ ၇ှင်းလင်းပွဲ၌ ၎င်းက ပြောခဲ့သည်။
နိုင်ငံတော် အစိုးရ၏ ဒုတိယ တစ်နှစ်တာအတွင်း အရွယ်မရောက်သေးသော ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရေး ကိစ္စရပ်များကို နိုင်ငံတော် အစိုးရနှင့် UNCTFMR (United Nations Country Task Forceon Monitoring and Reporting) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် အဖွဲ့ဝင် ၁၂ ဦးပါ အရွယ်မရောက်သေးသော ကလေးသူငယ်များ စစ်မှု ထမ်းခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းပြီး တွေ့ဆုံဆွေးနွေးပွဲပေါင်း ၄၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ Monitoring Visit အဖြစ် တပ်ရင်း တပ်ဖွဲ့ ၁၈ ခုတို့သို့ သွားရောက်ခဲ့ကြောင်း၊ အဆိုပါ ကိစ္စရပ်များဆိုင်ရာ ပညာပေးကဏ္ဍ ဆင့်ပွား သင်တန်းများကို တိုင်းစစ်ဌာနချုပ်များ အစီ အစဉ်ဖြင့် နှစ်လတစ်ကြိမ် ဖွင့်လှစ်လျက်ရှိရာ တပ်မတော် အရာရှိ ၆၂၂၁ ဦး၊ အခြားအဆင့် ၂၃၃၅၉ ဦး – စုစုပေါင်း – ၂၉၅၈၀ ဦးတို့တက်ရောက်ခဲ့ကြောင်း၊ တပ်မတော်သို့ ဝင်ရောက်စဉ် အသက် ၁၈ နှစ် မပြည့်သေးသည့် စစ်သည်များကို နည်းလမ်း မမှန်ဘဲ မှားယွင်းစုဆောင်းခဲ့သဖြင့် စစ်စည်းကမ်းအရ အရေးယူ ဆောင်ရွက်ခဲ့သည့် ဦးရေမှာ အရာရှိ ၁၀ ဦး ၊ အခြားအဆင့် ၁၇ ဦး — ပေါင်း ၂၇ ဦးဖြစ် ကြောင်း ၎င်းက ရှင်းပြခဲ့သည်။
ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက “မြန်မာ့တပ်မတော် အနေနဲ့ အရွယ်မရောက်သေးသော ကလေး သူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရေးကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်နိုင်ရေး အတွက် CTFMR နဲ့ ပူးပေါင်းပြီး လုပ်ငန်း စီမံချက်ကို လက်မှတ်ရေးထိုးကာ စာချုပ်ပါအတိုင်း တိကျ စွာ လိုက်နာဆောင်ရွက်ခဲ့ပါတယ်၊ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်း စုဆောင်းခံရသူများ စစ်မှုထမ်းဆောင်နေခြင်း လုံး၀ မရှိရေးအတွက် ဖော်ထုတ်လျက်ရှိပြီး မြန်မာ့ တပ်မတော်ကို ကလေး စစ်သား အသုံးပြုသည့် စာရင်းမှ ပယ်ဖျက်ခွင့် ရရှိရေး အတွက် ဆောင်ရွက်လျက်ရှိပါတယ်” ဟုလည်း ဖြည့်စွက် ပြောခဲ့သည်။ (Xinhua)