Politics, Law & Military
မြန်မာ-စင်ကာပူ နှစ်နိုင်ငံ တပ်မတော် ဆက်ဆံရေး ပိုမိုကောင်းမွန်ရန် ဆက်လက် လုပ်ဆောင်ရန် လိုအပ်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဆို
ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)
မြန်မာ-စင်ကာပူ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေးကို ယခုထက်ပို၍ ထိထိရောက်ရောက် ဖြစ်စေရေး၊ ဆက်လက် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြားသည်။
နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စင်ကာပူနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရှစ်ရှ်နန်တို့ မေလ ၁၈ ရက်နေ့တွင် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားသည်။ မြန်မာ-စင်ကာပူ နှစ်နိုင်ငံသည် ၁၉၆၆ ခုနှစ်မှ သံတမန် ဆက်ဆံရေး ကို စတင်ခဲ့သည့် မိတ်ဆွေနိုင်ငံ များဖြစ်ကြောင်း၊ ရင်းနှီးမှုနှင့် ယုံကြည်မှုကို အခြေခံထားသည့် နှစ်နိုင်ငံ ဆက်ဆံရေးသည် မြန်မာ့နိုင်ငံရေး ဖော်ဆောင်မှုတွင် များစွာ အထောက်အကူပြုခဲ့ကြောင်း၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား တွင်လည်း နီးကပ်သော ဆက်ဆံရေးရှိပြီး အာဆီယံ ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်း ဆိုင်ရာ ကိစ္စရပ်များတွင်လည်း ပူးပေါင်း ဆောင်ရွက်မှုများ ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။ လုံခြုံရေး၊ တည်ငြိမ်အေးချမ်း၊ တရားဥပဒေ စိုးမိုးရေးတို့သည် မရှိမဖြစ်လိုအပ် ကြောင်း၊ တိုင်းပြည် တည်ငြိမ် အေးချမ်းရေး၊ နိုင်ငံရေး ခိုင်မာမှုရှိရေးနှင့် နိုင်ငံ ဖွံ့ဖြိုးရေးတို့ အား တပ်မတော် အနေဖြင့် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ မြန်မာ-စင်ကာပူ နှစ်နိုင်ငံမှာ ရှည်လျားသည့် သမိုင်းကြောင်း ဆက်ဆံမှုရှိခဲ့ပြီး နှစ်နိုင်ငံ ပြည်သူလူထုချင်း ခိုင်ခံ့သည့် ဆက်ဆံမှုများလည်း ရှိပါကြောင်း၊ စင်ကာပူနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်သကဲ့သို့ ဒုတိယအကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေကြောင်း စင်ကာပူနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရှစ်ရှ်နန်က ဆိုသည်။ မြန်မာနိုင်ငံ အနာဂတ်အတွက် အဆုံးအဖြတ် ပေးမည့်သူမှာ မြန်မာနိုင်ငံသားများပင် ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံ အနေဖြင့် အနာဂတ်တွင်လည်း မြန်မာနိုင်ငံ၏ လုံခြုံစိတ်ချရသော ခိုင်မာသည့် မိတ်ဆွေ နိုင်ငံတစ်ခု အဖြစ် ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှု များကိုလည်း စွက်ဖက်မှု မပြုဘဲ ဆက်လက် ထောက်ခံ အားပေးသွား မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ (Xinhua)