Connect with us

Politics, Law & Military

ရွေးကောက်ပွဲ၌ ခိုင်လုံမဲ ရှစ်ပုံတစ်ပုံအထက် ရရှိသော ကိုယ်စားလှယ်လောင်းများကို အာမခံငွေ ပြန်လည် ထုတ်ပေးမည်

၂၀၁၅ ခုနှစ် နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲအပြီး မဲရလဒ်များ ရေတွက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ၌ ခိုင်လုံမဲ ရှစ်ပုံတစ်ပုံအထက် ရရှိထားသော ကိုယ်စားလှယ်များကို အာမခံငွေများ ပြန်လည် ထုတ်ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးထံမှ သိရသည်။

“အရင် ရွေးကောက်ပွဲတွေ တုန်းကတော့ အနိုင်ရတဲ့ လွှွတ်တော် ကိုယ်စားလှယ် တွေကိုသာ အာမခံငွေ ပြန်ထုတ်ပေးခဲ့တာပါ။

ဒီ၂၀၁၅ ရွေးကောက်ပွဲကတော့ ခိုင်လုံမဲ ရှစ်ပုံတစ်ပုံ အထက်ရတဲ့ လွှတ်တော် ကိုယ်စားလှယ် လောင်းတွေကို ရွေးကောက်ပွဲ အာမခံငွေတွေ ပြန်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကိုယ်စားလှယ်လောင်းများ တင်ထားသော အာမခံငွေကို ထုတ်ပေးမည့်ရက် ထပ်မံကြေညာမည်ဖြစ်ပြီး ကြေညာသည့်ရက်မှစ၍ ၆ လ အတွင်း ပြန်လည် ထုတ်ယူနိုင်ကြောင်း၊ လာရောက်ထုတ်ယူခြင်းမရှိသော ငွေများကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပြည်သူ့ လွှတ်တော်တွင် ၁၇၃၃ ဦး၊ အမျိုးသား လွှတ်တော်တွင် ၈၈၆ ဦး၊ တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော်တွင် ၃၄၂၉ ဦး ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန် ချက် စာရင်းဇယားများ အရ သိရသည်။

ရွေးကောက်ပွဲ ဝင်ရောက်မည့် ကိုယ်စားလှယ်လောင်းများသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ကျပ်ငွေ ၅ သိန်းအား အာမခံငွေအဖြစ် တင်ခဲ့ရသည်။ (Xinhua)