Politics, Law & Military
လူကုန်ကူး ဖြစ်ရပ်များ တရားစွဲဆိုရေး စွမ်းရည်မြင့် သင်တန်း ဖွင့်လှစ်
နေပြည်တော်၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)
ဝန်ဆောင်မှု ပေးသူများအတွက် လူကုန်ကူးမှုနှင့် သက်ဆိုင်သော ဖြစ်ရပ်များ စီမံဆောင်ရွက်ခြင်းနှင့် တရားစွဲဆိုရေး လုပ်ငန်းစဉ် ဆိုင်ရာ စွမ်းရည်မြင့် သင်တန်းကို နေပြည်တော် Grand Amara တွင် ယနေ့ ဖွင့်လှစ်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
“လူကုန်ကူးခံရသူတွေရဲ့ အကြောင်းတွေ၊ သူတို့နဲ့ပတ်သက်ဆက်စပ်နေတဲ့ သတင်း အချက်အလက် တွေ၊ သူတို့ရဲ့ခံစားချက်တွေ၊ သူတို့ရဲ့လိုလားချက်တွေ လိုအပ်ချက်တွေ ဒါတွေကို သိမှ ကျွန်တော် တို့က ဖြည့်ဆည်းပေးနိုင်မယ် ဒါတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေပေါ်မူတည်ပြီးမှ ကျွန်တော် တို့က လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ မူဝါဒတွေချမှတ်တဲ့အခါတွေမှာပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်မှု အပိုင်းတွေမှာပဲ ဖြစ်ဖြစ် သူတို့ကို ကာကွယ်စောင့်ရှောက်ပေးတဲ့အခါမှာပဲဖြစ်ဖြစ် တရားစွဲဆိုတဲ့ အပိုင်းမှာပဲ ဖြစ်ဖြစ် သူတို့က အဓိကနေရာက ပါဝင်ပါတယ် သူတို့ဆီက ရရှိတဲ့ အချက်အလက် တွေနဲ့သူတို့ဆီက အတွေ့အကြုံတွေကို မူတည်ြ့ပီးတော့ ကျွန်တော်တို့က အခုလို သင်တန်း လုပ်ရခြင်းပဲဖြစ်ပါတယ်” ဟု ပြောခဲ့သည်။
World Vision Myanmar Project Manager ဒေါ်ခင်မျိုးသန့် အမှာစကား ပြောကြားစဉ်။
လူကုန်ကူးဖြစ်ရပ်များ တရားစွဲဆိုရေး လုပ်ငန်းစဉ် စွမ်းရည်မြင့် သင်တန်း ဖွင့်ပွဲ ကျင်းပနေစဉ်။
အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်။
လူကုန်ကူးသူများကို အရေးယူနိုင်ရန် အဓိကသက်သေ ဖြစ်သည့် လူကုန်ကူးခံရသူ လူသက်သေ များက တရားစွဲဆိုသည့် ကိစ္စရပ်များ၌ ပူးပေါင်းပါဝင်ဆောင်ရွက်မှ တရားရေးလုပ်ငန်းလည်း အောင်မြင်မည်၊ လူကုန်ကူးသူများအားလည်း ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် အသိပညာပေးခြင်း၊ ဟောပြောခြင်းများ ရှိဖို့ လိုအပ်သကဲ့သို တရားစီရင်ရေးနှင့် ပတ်သက်သည့် Process များကိုလည်း သိထားဖို့လိုအပ် ကြောင်း၊ တရားစွဲဆိုမှုအောင်မြင်သွားလျှင် လူကုန်ကူးမှုခံရသူများက လျော်ကြေး နစ်နာကြေးများ ရရှိပြီး ၎င်းတို့၏ Rights အပြည့် အ၀ အကာအကွယ်ရမည် ဖြစ်ကြောင်း၊ ထို့အပြင် တရားစီရင်ရာ၌ ၎င်းတို့မိသားစုများကို အကာအကွယ်ပေးနိုင်ဖို့ လိုအပ်ကြောင်း၊ အဂတိလိုက်စားပြီး အမှုဖျက် ခြင်း၊ ဖြေလျှော့ခြင်း၊ လူကုန်ကူးမှုခံရသူများကို ခြိမ်းခြောက်များအား အဖွဲ့အစည်းများက သိရှိဖို့လိုကြောင်း၊ တရားစွဲဆိုခြင်း ကိစ္စများ အောင်မြင်ဖို့အတွက် သူတို့ကို တရားရုံး၏ လုပ်ထုံးလုပ်နည်း procedure များ အသေးစိတ်ရှင်းပြဖို့လိုကြောင်း၊ အမှုမြန်မြန်ပြီးအောင်၊ မကြန့်ကြာအောင် ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့သည်။
ဇူလိုင်၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ သုံးရက်တိုင် ကျင်းပမည့် အဆိုပါ သင်တန်း၌ သင်တန်းသား/ သူ ၃၀ ဦးကျော် တက်ရောက်ကြမည်ဟု သိရသည်။(Xinhua)