Connect with us

Politics, Law & Military

လော်ခီးလာ တိုင်းရင်းသား ညီလာခံ ယနေ့ စတင်ကျင်းပ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီး ခေါင်းဆောင်များ ပါဝင်သည့် တိုင်းရင်းသား ညီလာခံ တရပ်ကို ကရင် အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာတွင် ဇွန်လ (၂) ရက်နေ့က စတင် ကျင်းပ နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန်၂ ရက်(ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီး ခေါင်းဆောင်များ ပါဝင်သည့် တိုင်းရင်းသား ညီလာခံ တရပ်ကို ကရင် အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာတွင် ယနေ့ စတင် ကျင်းပခဲ့သည်။

ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ စောမူတူးစေးဖိုး က လော်ခီးလာ အစည်းအဝေးသည် မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေး အခင်းအကျင်းတွေ အတွက် အင်မတန် အရေးကြီးပြီး တိုင်းရင်းသားများ၏ အနာဂတ် နိုင်ငံရေး အခင်းအကျင်းကို အဆုံးအဖြတ် ပေးမည့် အစည်းအဝေး တစ်ခု ဖြစ်ကြောင်း ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။

လော်ခီးလာ တိုင်းရင်းသား ညီလာခံကို ဇွန်လ ၂ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့ အထိ ကျင်းပမည်ဖြစ်ပြီး ၊ အဆိုပါ အစည်းအဝေးပွဲသို့ ဝ၊ မိုင်းလား၊ နာဂ၊ RCSS (ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ) စသည့် လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့မှ အပ အစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေနဲ့ စုဖွဲ့ထားတဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့မှ အဖွဲ့ဝင်များ တက်ရောက် ကြကြောင်း သိရှိရသည်။

ဖွင့်ပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံမှ အာရှရေးရာ အထူးသံတမန် Mr. Sun Guoxiang က “မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ အလားအလာ ရှိပေမယ့် နောက်ဆုံး ငြိမ်းချမ်းရေးရဖို့ ဆက်ပြီး လျှောက်လှမ်းဖို့ လိုပါသေးတယ်။ အခုလို အခွင့်ကောင်းကို မကိုင်စွဲနိုင်ခဲ့ရင် နောင်အခါ အခွင့်ကောင်း ရဖို့ ကြာမှာ ဖြစ်ပါတယ်” ဟုပြောသည်။

လော်ခီးလာ တိုင်းရင်းသား ညီလာခံ ဖွင့်ပွဲတွင် ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ စောမူတူးစေးဖိုး မှ မိန့်ခွန်း ပြောကြား နေစဉ် (ဆင်ဟွာ)

လော်ခီးလာ တိုင်းရင်းသား ညီလာခံဖွင့်ပွဲတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေ နမ်ဘီးယား မှ မိန့်ခွန်း ပြောကြား နေစဉ် (ဆင်ဟွာ)

လော်ခီးလာ တိုင်းရင်းသား ညီလာခံဖွင့်ပွဲတွင် တရုတ်နိုင်ငံမှ အာရှရေးရာ အထူးသံတမန် Mr. Sun Guoxiang မှ မိန့်ခွန်း ပြောကြား နေစဉ် (ဆင်ဟွာ)

ကရင် အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာတွင် ကျင်းပသော တိုင်းရင်းသား ညီလာခံ အတွက် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများ (ဆင်ဟွာ)

ထို့အပြင် “တရုတ်နိုင်ငံ အနေနှင့်လည်း မြန်မာ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ဆက်လက်ပြီး ကူညီပေးမယ်လို့ ပြောချင်ပါတယ်” ဟု Mr. Sun Guoxiang က ဆိုသည်။

ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး ဆွေးနွေးပွဲ စနိုင်လျှင် နောက်တက်လာမည့် အစိုးရကလည်း ဒီလုပ်ငန်းစဉ်မှာ ပါဝင်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီဆိုသည့် ပန်းတိုင်ကို ရောက်ရှိရန် လမ်းရှည်ကြီး သွားဖို့လိုအပ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေ နမ်ဘီးယားက ယနေ့ ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

၅ ရက်ကြာ ကျင်းပမည့် တိုင်းရင်းသား ညီလာခံတွင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (အတည်ပြု မူကြမ်း) ကိစ္စ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.