Connect with us

Politics, Law & Military

အစိုးရသစ် လက်ထက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမို များပြားလာအောင် အဓိကထား လုပ်ဆောင် သွားမည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ဆင်ဟွာသို့ပြောကြား

စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းကို ဆင်ဟွာ သတင်းဌာနမှ တွေ့ဆုံ မေးမြန်းစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ယခု အစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမို များပြားလာအောင် အဓိက ထားပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ယနေ့မတ်လ ၃၀ ရက်တွင် နေပြည်တော်၌ ဆင်ဟွာ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံခဲ့ရာတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ကောင်းမွန်စေရန် ငွေကြေး လည်ပတ်မှု ကောင်းမွန် မှန်ကန်ရမည် ဖြစ်ပြီး ငွေကြေး လည်ပတ်မှု ကောင်းမွန်စေရန် ငွေကြေးဆိုင်ရာ မူဝါဒ ၊ ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒများ ကောင်းမွန်ရမည် ဖြစ်ကြောင်း ရေတို ၊ ရေရှည်တွင်လည်း ဘဏ္ဍာရေး စီမံခန့်ခွဲမှုများ ကောင်းမွန်ရမည် ဖြစ်ကြောင်း ၊ အသေးစား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးမှ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မည် ဖြစ်ကြောင်း ၊ အသေးစား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရန်မှာ ရင်းနှီးမြှုပ်နှံမှုသည် အဓိက လိုအပ်ချက် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့သည်။

စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းကို ဆင်ဟွာ သတင်းဌာနမှ တွေ့ဆုံ မေးမြန်းစဉ် (ဆင်ဟွာ)
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းသည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် အဖြစ် ယနေ့မတ်လ ၃၀ ရက်တွင် ပြည်ထောင်စု လွှတ်တော်၌ ကတိသစ္စာပြုပြီး ပြည်ထောင်စု ဝန်ကြီး ဖြစ်လာပြီးနောက် ဆင်ဟွာ သတင်းဌာနနှင့် နေပြည်တော်၌ သီးသန့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
“ရင်းနှီးမြှုပ်နှံမှုက ငွေပေါ့။ ငွေ ရှိဖို့ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ဘဏ်တွေနဲ့မလုံလောက်ဘူး။ ဒါဆို နိုင်ငံခြား ဘဏ်တွေ မြန်မာနိုင်ငံကို ဝင်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်အောင် ကျွန်တော်တို့လုပ်မယ်။ လုပ်တဲ့ အခါကြလို့ရှိရင် နိုင်ငံခြား ဘဏ်တွေက အတွေ့အကြုံရှိတယ်။ အခြေခံ ရင်းနှီးမြှုပ်နှံမှု capital inversement တွေ ကြီးတယ်။ အဲဒီတော့ မြန်မာနိုင်ငံ ဘဏ်တွေကလည်း သူတို့နဲ့လိုက်ပြီးတော့ အဆင့်အတန်းဖြစ်အောင် လုပ်လို့ရှိရင် ဘဏ်လုပ်ငန်းက တက်လာမယ်။ ချေးငွေတွေကိုလည်း အသေးစား SME တွေထဲကို စနစ်ကျတဲ့ မူဝါဒတွေနဲ့သူတို့ကို ချေးငွေတွေ လုပ်ပေးနိုင်မယ် ဆိုရင် အသေးစား SME တွေ ထုတ်လုပ်မှုက တက်လာမယ်။ ဒါက ဘယ်ကို သွားမလဲဆိုရင် GDP ကို သွားတာပေါ့။ ဒါကြောင့် မြန်မာနိုင်ငံမှာ အဓိကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး များလာအောင် အဓိက ထားပြီး လုပ်မယ်။ ဘဏ်လုပ်ငန်းကဏ္ဍကို ပိုပြီး ကောင်းအောင် လုပ်မယ်”ဟု ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့သည်။
ထို့ပြင် အစိုးရသစ် လက်ထက် ဝန်ကြီးဌာန အလိုက် ရက်ပေါင်း ၁၀၀ စီမံကိန်းအဖြစ် ပြည်သူများအတွက် မြန်မြန်ဆန်ဆန် အကျိုးရှိနိုင်မည့် လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားပြု၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ဦး ဖြစ်ပြီးနောက် ယခုကဲ့သို့စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး အဖြစ် ယနေ့မတ် ၃၀ ရက်တွင် ခန့်အပ် တာဝန်ပေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.