Politics, Law & Military
အမည်မည်း စာရင်း(Black List)မှ လူပုဂ္ဂိုလ် ၆၆၀ ဦးအား တစ်နှစ်တာ ကာလ အတွင်း ပယ်ဖျက်ခဲ့

နေပြည်တော် ၊ မေ ၂ ရက်(ဆင်ဟွာ)
ယခု အစိုးရ လက်ထက် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက် ထိ အမည်မည်း စာရင်း (Black List)မှ မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသား စုစုပေါင်း လူပုဂ္ဂိုလ် ၆၆၀ ဦးအား ပယ်ဖျက်ခဲ့ကြောင်း အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန် ရှင်းလင်းမှု အရ သိရသည်။
တစ်နှစ်တာ ကာလ အတွင်း အမည်မည်း စာရင်း (Black List) ပယ်ဖျက်မှုတွင် မြန်မာနိုင်ငံသား ၂၇၅ ဦး ၊ နိုင်ငံခြားသား ၃၈၅ ဦး ပါဝင်ကြောင်း ၊ ထိုကြောင့် စာရင်း ပယ်ဖျက်ပြီးသူ မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသားများသည် ပြည်ဝင်/ပြည်ထွက်မှုအား လွယ်ကူ ချောမွေ့စွာ ဆောင်ရွက်နိုင်ကြပြီ ဖြစ်ကြောင်း သိရသည်။
ထို့အတူ အမည်မည်း စာရင်း (Black List) ရေးသွင်းထားမှုမှာ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်ထိ မြန်မာနိုင်ငံသား ၁၇၈ ဦး ၊ နိုင်ငံခြားသား ၃၈၉၃ ဦး စုစုပေါင်း လူပုဂ္ဂိုလ် ၄၀၇၁ ဦး နှင့် နိုင်ငံကူး လက်မှတ် စာအုပ် ၂၅၅၇၇ အုပ်တို့ရှိနေကြောင်း သိရသည်။
ထိုစာရင်းများမှ အမည်မည်း စာရင်း သွင်းထားသည့် အကြောင်းရင်းပေါ် မှုတည်၍ ဥပဒေ နှင့် အညီ အမည်မည်း စာရင်း (Black List) ပယ်ဖျက်နိုင်ရေး အတွက် ဆက်လက် စိစစ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)