Connect with us

Politics, Law & Military

စတုတ္ထ တစ်နှစ်တာအတွင်း လက်လုပ် လက်စား သတ္တု လုပ်ကွက် ၂၆၈ ကွက် ခွင့်ပြုနိုင်ခဲ့ဟု ဆို

အစိုးရ၏ စတုတ္ထ တစ်နှစ်တာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

ပြည်သူလူထုအတွက် လက်လုပ် လက်စား ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်မှု လုပ်ကွက် များကို ခွင့်ပြုပေးခဲ့ရာ စတုတ္ထနှစ် တစ်နှစ်တာ အတွင်း လုပ်ကွက်ပေါင်း ၂၆၈ ကွက်ကို ခွင့်ပြု ပေးနိုင်ခဲ့သည်ဟု သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ယနေ့ညနေပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ခန္တီးရတနာနယ်မြေမှာ အဆိုပြုလွှာ သုံးကြိမ် ခေါ်ယူခဲ့ပြီး လုပ်ကွက်ပေါင်း ၂၀၇ ကွက်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့က လုံးခင်း၊ ဖားကန့် ရတနာ နယ်မြေမှာ အဆိုပြုလွှာ တစ်ကြိမ် ခေါ်ယူခဲ့ပြီး လုပ်ကွက် ပေါင်း ၆၁ ကွက်တို့ကို ခွင့်ပြု ချထားပေးနိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့က မိုးကုတ်/ မိုင်းရှူး ရတနာ နယ်မြေများတွင် အလားတူ လုပ်ကွက်များ ခွင့်ပြုမိန့် ချထားပေးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက် လျက် ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ကွက် စိစစ် ချထားပေးရေး အဖွဲ့များ အနေဖြင့် အသေးစားနှင့် လက်လုပ်လက်စား ခွင့်ပြုမိန့်များအား လွယ်ကူ ရှင်းလင်းစွာ ဆောင်ရွက်နိုင်ရန် ဘူမိဗေဒ ပညာရှင်များနှင့် မြေပြင် ကွင်းဆင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ သယံဇာတ ဝန်ကြီးများနှင့် ညှိနှိုင်း သတ်မှတ်ပေးခဲ့ကြောင်း၊ ဓာတ်သတ္တု အသေးစားနှင့် လက်လုပ် လက်စား ထုတ်လုပ်ခြင်း၊စမ်းသပ် တိုင်းတာခြင်း၊ ရောင်းချခြင်းနှင့် ဝယ်ယူခြင်းများအတွက် ခွင့်ပြုမိန့် ၁၁၇၃ ခုအား ခွင့်ပြုပေးနိုင်ခဲ့ပြီး အဆိုပါ လုပ်ငန်းများမှ ရရှိသော အခွန်အခများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘဏ္ဍာ ရန်ပုံငွေအဖြစ် ပေးသွင်းစေလျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မြန်မာ့ သတ္တုတွင်း နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုက ဓာတ်သတ္တု အကြီးစားနှင့် အလတ်စား၊ တိုင်းဒေသကြီး / ပြည်နယ် အစိုးရ အဖွဲ့များက ဓာတ် သတ္တု အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များ ဆိုင်ရာ ခွင့် ပြုမိန့်များအား စိစစ် ခွင့်ပြုပေး လျက်ရှိသောကြောင့် ယခုကဲ့သို့ ဆောင်ရွက်လာနိုင်ခြင်း ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့ သည်။

လက်ရှိ ဆောင်ရွက်နေသည့် ဓာတ်သတ္တု စမ်းသပ် တိုင်းတာရေး အကြီးစားနှင့် အလတ်စား လုပ်ကွက် ပေါင်း ၄၅ ကွက် ရှိရာ ပြည်ပ ကုမ္ပဏီ ၁၁ ခုတို့၏ စမ်းသပ် တိုင်းတာရေး လုပ်ကွက်၂၀ ကွက်၊ ပြည် တွင်း ကုမ္ပဏီ ၂၃ ခုတို့၏ လုပ်ကွက် ၂၅ ကွက် တို့ ဖြစ်ကြောင်း၊ စတုတ္ထ တစ်နှစ်တာအတွင်း ပြည်ပ စမ်းသပ် တိုင်းတာရေး လုပ်ကွက် ခြောက်ကွက်၊ ပြည်တွင်း စမ်းသပ် တိုင်းတာရေး လုပ်ကွက် ၁၁ ကွက်၊ စုစုပေါင်းလုပ်ကွက် ၁၇ ကွက် ရှိကြောင်း၊ စတုတ္ထ တစ်နှစ်တာအတွင်း ဓာတ်သတ္တု ထုတ်လုပ်မှု လုပ်ငန်းများအတွက် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုပေါင်း ၁၁၂ ခုအတွက် ခွင့်ပြုမိန့်များ ထုတ်ပေး နိုင်ခဲ့ကြောင်း၊ ခွင့်ပြုပြီး လုပ်ကွက်များအား ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်း ကွင်းဆင်း စစ်ဆေးရေး အဖွဲ့ ကိုးဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ ၂၀၂၀ မတ်လအထိ လုပ်ကွက်ပေါင်း ၃၃၁ ကွက်( အကြီးစား ၇၂ ကွက်၊ အလတ်စား ၃၀ ကွက်၊ အသေးစား ၁၉၉ ကွက် နှင့် စမ်းသပ်လုပ်ကွက် ၃၀ ကွက်)တို့ကို စစ်ဆေးခဲ့ပြီး ခွင့်ပြုမိန့် အမျိုးအစား အလိုက် အားနည်းချက်၊ အားသာချက်များအား သက်ဆိုင်ရာ ဦးစီးဌာန၊ လုပ်ငန်းများက ကြပ်မတ် ဆောင်ရွက် လျက်ရှိကြောင်းလည်း ဒုတိယ ဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။

၂၀၁၉ ဧပြီလမှ ၂၀၂၀ မတ်လ အထိ သစ်တော ကဏ္ဍမှ စုစုပေါင်း ရငွေ ကျပ် ၂၁၈ ဒသမ ၇၅၈ ဘီလီယံ လျာထားခဲ့ပြီး ကျပ် ၂၆၅ ဒသမ ၃၅၃ ဘီလီယံရရှိခဲ့သဖြင့် ၁၂၁ ဒသမ ၃ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.