Connect with us

Politics, Law & Military

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်မည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ပို့ဆောင်နှုတ်ဆက်စဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ထွက်ခွာသွားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် Gen. Li Zuocheng ၏ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong liang နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသည်။

ယင်း ချစ်ကြည်ရေးခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်နိုင်ငံရှိ စစ်ဘက်ဆိုင်ရာသင်တန်းကျောင်းများ၊ စက်ရုံများနှင့် အထင်ကရနေရာများအား လှည့်လည်ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)