Connect with us

Politics, Law & Military

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားခရီးစဉ်အတွင်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ပြောကြားချက်မှာ မည်သည့်နိုင်ငံကိုမှ ရည်ညွှန်းထားခြင်းမဟုတ်ဟုဆို

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Arguments and Facts သတင်းဌာန နှင့် ZVEZDA သတင်းဌာန တို့အား လက်ခံတွေ့ဆုံစဉ်( ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယခုနှစ် ဇွန်လနောက်ဆုံးအပတ်၌ သွားရောက်ခဲ့သည့် ရုရှားခရီးစဉ်အတွင်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ပြောကြားချက်မှာ မည်သည့်နိုင်ငံကိုမှ ရည်ညွှန်းထားခြင်းမဟုတ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောကြားသည်။

ယင်းခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားသတင်းဌာနတစ်ခုဖြစ်သည့် Zvezda TV Channelတို့ တွေ့ဆုံ မေးမြန်းခန်းပြုလုပ်စဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အကြမ်းဖက်အဖွဲ့အစည်များ၊ အကြမ်းဖက်သမားများနှင့် ပတ်သက်ပြီး “အကြမ်းဖက်သမားအဖွဲ့အစည်းကို ချေမှုန်းတဲ့ အခါမှာ သက်ဆိုင်ရာကာယကံရှင်နိုင်ငံကနေပြီးတော့ ချေမှုန်းနိုင်တာတွေ ရှိပေမယ့် ဒီအကြမ်းဖက်အဖွဲ့ အစည်းတွေရဲ့ နောက်မှာ ရပ်တည်နေတဲ့ အင်အားစု ကြီးကြောင့် တစ်နိုင်ငံတည်းမလုပ်နိုင်တဲ့ဟာတွေလည်းရှိပါတယ်။ အဲ့တော့ နိုင်ငံတွေ၊ မိတ်ဆွေနိုင်ငံတွေနဲ့ ဒီအကြမ်းဖက်အဖွဲ့ အစည်းတွေကို မလိုလားတဲ့နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအများကြီးလိုပါတယ်။ ပူးပေါင်းဆောင်ရွက်မှု မရလျှင်လည်း အကြမ်းဖက်အဖွဲ့ အစည်းတွေကို လက်တွဲချေမှုန်းနိုင်ဖို့အတွက် အခက်အခဲတွေရှိပါလိမ့်မယ် ” ဟု ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

 အဆိုပါ သတင်းအပြည့်အစုံကို ဇွန်လ ၂၉ ရက်ထုတ် မြဝတီသတင်းစာတွင် ဖော်ပြခဲ့ပြီးဖြစ်သော်လည်း ရုရှားသတင်းဌာနနှင့် အမေး၊ အဖြေများကို ကိုးကားပြီး လိုရာဆွဲ ရေးသား ဖော်ပြချက်များရှိနေကြောင်း ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဖြေတွင်  မည်သည့်နိုင်ငံကိုမှ ရည်ညွှန်းထားတာမဟုတ်ကြောင်းကို တွေ့နိုင်ကြောင်း  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

အိန္ဒိယအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Hindustan Times သတင်းဌာနမှ ဇူလိုင် ၂ရက်က “Myanmar calls out China for arming terror groups, asks world to help ” ခေါင်းစဉ်ဖြင့် သတင်းရေးသားဖော်ပြရာတွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့နှင့် ဆက်သွယ်မှုမရှိကြောင်း၊ အချို့ ဖော်ပြချက်များသည်လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသယောင် ရေးသားဖော်ပြထားသလို အချို့အကြောင်းအရာများသည် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲနှင့် မီဒီယာများနှင့် အမေး၊ အဖြေ အချို့ ထဲက ဖော်ပြချက်များကို ပြည့်ပြည့်စုံစုံမဖော်ပြဘဲ လိုရာဆွဲရေးသားထားသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

ယင်းမီဒီယာရေးသားချက်အပေါ် မှီငြမ်းကိုးကားပြီး ပြည်တွင်းမီဒီယာအချို့ကလည်း  စိစစ်မှု၊ မေးမြန်းမှုမရှိဘဲ “ တရုတ်က မြန်မာအကြမ်းဖက်အဖွဲ့ များကို လက်နက်တပ်ဆင်ပေးနေ၊ ဝိုင်းဝန်း ကူညီရန် ကမ္ဘာ့နိုင်ငံများကို မြန်မာတောင်းဆို ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ သောင်းကျန်းသူအဖွဲ့များကို တရုတ်ကလက်နက်ထောက်ပံ့နေသည်ဟု တပ်ချုပ်စောင်း ပါးရိပ်ခြည်ပြော ” ခေါင်းစဉ်ဖြင့်လည်းကောင်း သတင်းရေးသား ဖော်ပြနေသည်ကိုတွေ့ရှိရကြောင်း ၎င်းကဆိုသည်။
အဆိုပါ ဖော်ပြချက်များသည် တရုတ်-မြန်မာချစ်ကြည် ရင်းနှီးစွာ ဆက်ဆံရေးအပေါ်မှာ မလိုလားအပ်သည့် အကျိုးများဖြစ်ပေါ်လာနိုင်သဖြင့် ပြည်တွင်းမီဒီယာများအနေဖြင့် ဆင်ခြင်သင့်ကြောင်းနှင့် ကျင့်ဝတ်များ၊ ပြဋ္ဌာန်းချက်များ အတိုင်း လိုက်နာသင့်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုရှားခရီးစဉ်အတွင်း ဖြေကြားခဲ့သော အင်တာဗျူးကို လေ့လာခြင်းအားဖြင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်သည့် အကြောင်းအရာသည် မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်းကို ထည့်သွင်းပြောကြားခြင်းမရှိကြောင်း၊ အထူးသဖြင့် တပ်မတော်သည် ရခိုင်ပြည်နယ်၌ ARSAအကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များကို ဆိုလိုခြင်းဖြစ်ကြောင်း တွေ့မြင်ရကြောင်း၊ ARSAအဖွဲ့အစည်းနောက်ကွယ်၌ နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းများရှိနိုင်ကြောင်း နိုင်ငံရေးသုတေသီ ဦးကိုကိုလှိုင်က ဆင်ဟွာသို့ပြောကြားသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးသည် အထူးသဖြင့် တပ်မတော်နှင့် ဆက်ဆံရေးသည် ခိုင်မာပြီးရင်းနှီးပွင့်လင်းသော ဆက်ဆံရေးမျိုးရှိကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ဝေဖန်ရေးသားမှုများသည် တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ၊တပ်မတော်နှင့် ဆက်ဆံရေးထိခိုက်မှုမရှိနိုင်ဘဲ ပြည်သူများအကြားသာ အနည်းငယ် စိတ်ဝမ်းကွဲမှုသာ ရှိနိုင်ကြောင်း  နိုင်ငံရေးသုတေသီ ဦးကိုကိုလှိုင်က ပြောသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.