Politics, Law & Military
တရားမဝင်ကုန်စည် ၉၂သန်းကျော်ဖိုး ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၅ ရက်တွင် ခန့်မှန်းတန်ဖိုးငွေ ၉၂ သန်းကျော်ဖိုးရှိ တရားမဝင် ကုန်စည်များ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ စခန်းနှစ်ခုမှ တရားမဝင်ကုန်စည်များအား တားဆီးထိန်းချုပ်ရေးပြုလုပ်ရာတွင် ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ခုနစ်မှု(ခန့်မှန်း တန်ဖိုးငွေကျပ် ၈၉ ဒသမ ၅၆၃ သန်း)၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု နှစ်မှု(ခန့်မှန်း တန်ဖိုးငွေကျပ် ၂ ဒသမ ၄၄၅ သန်း) စုစုပေါင်း တားဆီးမှု ကိုးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂ ဒသမ ဝဝ၈ သန်း)ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထူးခြားဖမ်းဆီးမှုအနေဖြင့် နိုဝင်ဘာ ၂၅ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ က စစ်ဆေးမှုများဆောင်ရွက်စဉ် ခရီးသည်တင်ယာဉ်တစ်စီး၊ Nissan AD Vanယာဉ်တစ်စီး၊Honda Inspire ယာဉ် တစ်စီးတို့ကို စစ်ဆေးခဲ့ရာ ယာဉ်၏အောက်ကြမ်းခင်းနှင့် နောက်ထိုင်ခုံအောက်တွင် အံဝှက်ပြုလုပ်၍လည်းကောင်း၊ ယာဉ်ပေါ်တွင် ပီနံအိတ်များအတွင်း ထည့်သွင်း၍ လည်းကောင်း သိုဝှက်သယ်ဆောင်လာသော တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပိတောက်ဓားရွေ သုည ဒသမ ၆၆၉၈ တန်၊ ပိတောက်ခွဲသား သုည ဒသမ ၁၉၉ဝ တန်၊ ကျောက်စိမ်းဟုယူဆရသော ကျောက်တုံး အပိုင်းအစ၊ ဖြတ်စဆိုက်စုံ ၂၁၅ ကီလိုဂရမ်နှင့် ပစ္စည်းသယ်ဆောင်သည့် ယာဉ်သုံးစီး (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၇၂ ဒသမ ၇၁၆ သန်း)ကို စစ်ဆေးတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။(Xinhua)