Politics, Law & Military
တရားမဝင် အသားများ ဝင်ရောက်နေမှုကို တားဆီးရန် ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်သွားမည်
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်း ဒေသကြီး အပါအဝင် တခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တရားမဝင် အသားများ ဝင်ရောက်နေမှုကို တားဆီးရန် မူဝါဒများချမှတ်၍ ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေး ကော်မတီမှ သိရသည်။
ထို့ပြင် အေးခဲကြက်သား၊ ကြက်အရှင်၊ ကြက်ဥနှင့် ဘဲဥများမှာ နေ့စဉ် ပြည်တွင်းသို့ ထိုင်းနိုင်ငံဘက်မှ သောင်ရင်းမြစ် ကိုဖြတ်လျက် ဝင်ပေါက် ၁၉ ပေါက်မှ ဝင်ရောက်လာပြီး မြဝတီမှ တစ်ဆင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းသို့ ဝင်ရောက်မှု များပြားနေကြောင်း သိရသည်။ ပြည်ပမှ အသားများ တရားမဝင် ဝင်ရောက်နေမှုကို တားဆီးရန် လိုအပ်သော မူဝါဒများကို လွှတ်တော်မှ ဥပဒေများ ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ပြီး လွှတ်တော်မှ ပြဋ္ဌာန်းထားသော မူဝါဒများကို နိုင်ငံတော် အပိုင်းမှ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း သိရသည်။
ပြည်ပမှ တရားမဝင် ကြက်အရှင်၊ အေးခဲကြက်သား၊ ဘဲဥနှင့် ကြက်ဥများ ဝင်ရောက်မှုကြောင့် ပြည်တွင်း၌ မွေးမြူသူများအား ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက် ရှိပြီး ပြည်ပမှ တရားမဝင် အသား ဝင်ရောက်မှု များကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန် လိုအပ်လျက် ရှိကြောင်း မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။ (Xinhua)