Connect with us

Politics, Law & Military

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်အချို့အား အရေးယူရေး အဆို လွှတ်တော်က အတည်ပြု

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတို့၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို အကာအကွယ် မပေးသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် အချို့အား ထိရောက်စွာ အရေးယူပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆိုကို ယနေ့ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး အတည်ပြုခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတား မြို့နယ် အတွင်း အပ်ချုပ်ဆိုင် တစ်ဆိုင်၌ အိမ်အကူ မိန်းကလေး နှစ်ဦးကို နှိပ်စက်မှု နှင့်စပ်လျဉ်း၍ လူ့အခွင့်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်အပေါ် ဒေါပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို ခေါ် ဦးဌေးဝင်းအောင်က စက်တင်ဘာလ ၂၂ ရက်နေ့တွင် လွှတ်တော်သို့တင်သွင်းပြီး ထိုအရေးကြီးအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၆ ဦးတို့က ထောက်ခံ ဆွေးနွေးခဲ့ကြသည်။ ထို့အတူ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးသို့တက်ရောက်ခဲ့သည်။ ဆွေးနွေးမှုများအပြီး ဆန္ဒမဲရယူရာ ထောက်ခဲဆန္ဒမဲ ၃၇၄ မဲ၊ ကန့်ကွက်မဲ တစ်မဲ၊ ကြားနေ ရှစ်မဲ ဖြစ်၍ အဆိုကို လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့ခြင်း ဖြစ်သည်။
လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းက “ကျွန်တော်တို့ကော်မရှင်ဟာ အခြား နိုင်ငံများရှိ လူ့အခွင့်အရေး ကော်မရှင်များကဲ့သို့ ဥပဒေကြောင်းအရ စည်းနှောင်မှု ရှိတဲ့ ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ တရားစွဲဆို အရေးယူခြင်းတို့ကို ဆောင်ရွက်ပိုင်ခွင့် မရှိဘဲ သက်ဆိုင်ရာ ဌာနနဲ့အဖွဲ့အစည်းများက လိုအပ်သလို ဆောင်ရွက်နိုင်ရေးအတွက် အကြံပြု တိုက်တွန်းချက်ကိုသာ ပေးပို့နိုင်ပါတယ်၊ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို အကြောင်းကြား ပေးပို့ခြင်း ဖြစ်ပါတယ်” ဟု ရှင်းပြခဲ့သည်။ ထို့အပြင်၎င်းက နစ်နာမှုများအား ကုစားပေးနိုင်ရေး အတွက် သဘောရိုးဖြင့် ဆောင်ရွက်ပေးခြင်းသာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၆ ဦးတို့က ထိုအရေးကြီး အဆိုကို ထောက်ခံ ဆွေးနွေး ကြရာတွင် ကော်မရှင်၏ ဆောင်ရွက်ချက်သည် သဘောရိုးဖြင့် မှားယွင်းခြင်း မဟုတ်သည်ကို တွေ့ရှိရကြောင်း ၊ ကော်မရှင်အား ဥပဒေနှင့်အညီ အမှန်တကယ် စွမ်းဆောင်နိုင်ပြီး အသက် ၆၀ မကျော်သူတို့ဖြင့် ပြန်လည် ဖွဲ့စည်းသင့်ကြောင်းလည်း ဝေဖန် အကြံပြုခဲ့ကြသည်။
ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး အောင်ဇင်မင်းက “ကော်မရှင်မှ အဖွဲ့ဝင် အချို့ဟာ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ပြီး ပြစ်မှု ကျူးလွန်သူ အားလုံးကို သက်သာရာ ရောက်အောင် ညှိနှိုင်း ဆောင်ရွက်ခဲ့တဲ့ သဘော သက်ရောက်နေပါတယ်၊ ဒါ့အပြင် အမျိုးသမီးများကို အကြမ်းဖက်မှုများ အပေါ် ကာကွယ်တားဆီးသည့် ဥပဒေ မရှိသေးသဖြင့် ဥပဒေ ပြဌာန်းဖို့ လိုအပ်ပါတယ်” ဟု အကြံပြု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.