Politics, Law & Military
ထိုင်းဘုရင့် ရေတပ် စစ်ရေယာဉ် အလည်အပတ်ခရီး ရောက်ရှိ

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)
ထိုင်းဘုရင့် ရေတပ်မှ စစ်ရေယာဉ် (H.T.M.S Pattani OPV 511) သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတွင် ချစ်ကြည်ရေးခရီး လည်ပတ်ရန် အတွက် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့သို့ ရောက်ရှိခဲ့ပြီး ယနေ့တွင် ရန်ကုန်မြို့သို့ ဆက်လက် ထွက်ခွာလာပြီ ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့သို့ရောက်ရှိစဉ် ထိုင်းစစ်ရေယာဉ်တွင် ချစ်ကြည်ရေးခရီး လိုက်ပါလာသော ထိုင်းဘုရင့် ရေတပ် Third Naval Area Command မှ Deputy Commander ဖြစ်သူ Rear Admiral Paderm Nernchai ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များအား တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်၊ ဌာနချုပ်မှူး နှင့် တာဝန်ရှိ သူများသည် ဌာနချုပ် ဧည့်ရိပ်သာ ခန်းမတွင် တွေ့ဆုံ၍ နှစ်နိုင်ငံ ရေတပ်ဆိုင်ရာ ကိစ္စရပ် များအား ဆွေးနွေးကြသည်။
ယင်းနောက် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင် များသည် နေ့လယ်ပိုင်းတွင် မြိတ်မြို့ရှိ ကုန်တိုက်၊ သဘာဝငှက်အိမ်၊ သိမ်တော်ကြီး စေတီတော်နှင့် ကျွဲကူးတံတား တို့အား သွားရောက် လည်ပတ်လေ့လာ ခဲ့ကြကြောင်း သိရသည်။ အဆိုပါ စစ်ရေယာဉ်တွင် ထိုင်းဘုရင့် ရေတပ်မှ အရာရှိ /စစ်သည် စုစုပေါင်း ၁၅၄ ဦးလိုက်ပါ လာခဲ့သည်။ (Xinhua)