Politics, Law & Military
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် NLD တာဝန်ရှိသူများ ဆောင်ရွက်ချက် ကန့်ကွက်စာများနှင့် စပ်လျဉ်း၍ အရေးယူ ဆောင်ရွက်ရန် မရှိဟု ကော်မရှင် သတင်း ထုတ်ပြန်
ရန်ကုန် ၊ မေ ၁၈ ရက်(ဆင်ဟွာ)
ကြားဖြတ် ရွေးကောက်ပွဲ နှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ တာဝန်ရှိသူများ၏ ဆောင်ရွက်ချက်များအား ကန့်ကွက်စာများအား အရေးယူ ဆောင်ရွက်ရန် မရှိ ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ယနေ့မေ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်သည့် ၂၀၁၇ ခုနှစ် ၊ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသည့် ကာလ နှင့် အစိုးရ အဖွဲ့တာဝန် ယူသည့် တစ်နှစ်ပြည့် ကာလတို့တိုက်ဆိုင်မှု ကြောင့်သာ ယခုကဲ့သို့ကန့်ကွက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သုံးသပ် တွေ့ရှိရကြောင်း ၊ ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် အနိုင်ရ ပါတီ၏ တာဝန်ရှိ ပုဂ္ဂိုလ်များက ပြည်သူလူထုသို့ရှင်းလင်း တင်ပြ အသိပေးမှုများသည် မဲဆွယ်စည်းရုံးသည့် သဘော မပါရှိဟု သုံးသပ် တွေ့ရှိရကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၇ ခုနှစ် ၊ ဧပြီလ ၁ ရက်တွင် ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲ နှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ နာယက ဦးတင်ဦး နှင့် ဗဟိုအလုပ် အမှုဆောင် အဖွဲ့၊ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် တို့၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေများပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ရာ ရောက်သဖြင့် ဥပဒေနှင့် အညီ အရေးယူပေးရန် နိုင်ငံရေး ပါတီ ၁၃ ပါတီမှ လည်းကောင်း ၊ လူပုဂ္ဂိုလ် ၁၄ ဦးမှ လည်းကောင်း ကန့်ကွက် တင်ပြသည့် စာများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ လက်ခံ ရရှိခဲ့သည့် အပေါ် ယခုကဲ့သို့သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။(Xinhua)