Connect with us

Politics, Law & Military

ပညာရေး ဟန်ချက်ညီမျှမှု ရှိရေး အလေးထားပြီး ပြန်လည် ဆန်းစစ်မည်ဟု ဆို

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ တွင် ၀ိဇ္ဖာတွဲနှင့် သိပ္ပံတွဲ သင်ယူမှု ဟန်ချက် မညီမျှခြင်း မေးခွန်းအတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၉ ရက် (ဆင်ဟွာ)

အခြေခံပညာအလယ်တန်းအောင်မြင်ပြီး အထက်တန်းအဆင့်သို့ ကူးပြောင်းရာတွင် သမိုင်း၊ ပထဝီ ဘာသာရပ်များ ပါသည့် ဝိဇ္ဇာတွဲအား သင်ယူလိုသူ နည်းပါးနေသဖြင့် ကျောင်းသားများ မိမိ နှစ်သက် ရာ ဘာသာရပ်အား ရွေးချယ် သင်ယူနိုင်ခွင့် ပေးထားခြင်းကို ပြန်လည် ဆန်းစစ်သွားမည်ဟု ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။

“၂၀၁၆ – ၁၇ ပညာသင်နှစ်၊ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးမှာ အထက်တန်းအဆင့်ဖြစ်တဲ့ နဝမ တန်းနဲ့ဒသမတန်းတို့မှာ ကျောင်းသား ကျောင်းသူဦးရေ စုစုပေါင်း ၁၃၁၂၀၅ ဦးရှိပြီး ဝိဇ္ဇာ ဘာသာတွဲ ယူတဲ့ ဦးရေက ၄၇၇ ဦးပဲ ရှိပါတယ်၊ ဒါဟာ အင်မတန် နည်းပါးတဲ့ အရေအတွက် ဆိုတာ လက်ခံပါ တယ်၊ ရန်ကုန် အရှေ့ပိုင်းခရိုင်မှာဆိုရင် ဝိဇ္ဇာဘာသာတွဲ ယူတဲ့ ကျောင်းသား လုံး၀ မရှိခဲ့ပါဘူး၊ အထက်တန်းအဆင့် ဘာသာရပ်ရွေးချယ်မှုမှာ မိမိနှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ် သင်ယူနိုင်ခွင့် ပေးထားတာကို ပြန်လည် ဆန်းစစ်သွားမယ်လို့ အလေးအနက်ထား ပြောကြား လိုပါတယ်”ဟု ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ၎င်းက ပြောခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှဝင်းက လွှတ်တော်မှတစ်ဆင့် “ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးမှာ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ ပါဝင်တဲ့ သိပ္ပံတွဲနဲ့ ဝိဇ္ဇာတွဲများကိုသာ သင်ယူသူများပြီး သမိုင်း၊ ပထဝီ ပါဝင်တဲ့ ဝိဇ္ဇာ တွဲကို သင်ယူသူ အလွန် နည်းပါး နေပါတယ်၊ ခေတ် စနစ်အရ သိပ္ပံဘာသာတွဲ ယူသူ များပြားရတယ် လို့ ပြောဆိုနေကြသော်လည်း အမှန်တကယ်တော့ အထက်တန်းကျောင်းတွေမှာ သိပ္ပံဘာသာတွဲကို ဦးစားပေးလွန်းခြင်း၊ ဝိဇ္ဇာဘာသာတွဲကို ယူလိုသော်လည်း ယူရန် အားမပေးခြင်းတို့ကြောင့် ပထဝီနှင့် သမိုင်း ဘာသာရပ် ပါဝင်သော ဝိဇ္ဇာတွဲဟာ ကွယ်ပျောက်လုနည်းပါး ဖြစ်နေပါတယ်၊ ရှေးကတော့ သမိုင်းသင်ရတာ မအအောင်လို့၊ ပထဝီ သင်ရတာ မကန်းအောင်လို့ ဆိုတဲ့ စကားရှိပါတယ်၊ ဒါကြောင့် ပညာရေး ဟန်ချက်ညီအောင် ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲဆိုတာ သိလိုပါတယ်” ဟု မေးမြန်းခဲ့ခြင်းကို ပြည်ထောင်စု ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ – ၁၇ စာသင်နှစ်တွင် တစ်နိုင်ငံလုံးရှီ အခြေခံပညာ အထက်တန်းအဆင့် သင် ကျောင်းများတွင် အထက်တန်းပြ ဆရာ ၃၈၆၄၀ ဦး ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် အထက်တန်းပြ ဆရာ ဆရာမ ၄၉၇၉ ဦးရှိပြီး ဝိဇ္ဇာဘာသာတွဲ သင်ကြားနိုင်သည့် ဆရာ ဆရာမ ၁၁၁၀ ဦး ရှိကြောင်း၊ ဝိဇ္ဇာတွဲ သင်ပေးနိုင်သည့် ဆရာ ဆရာမများသည် သမိုင်းနှင့် ပထဝီတို့ကိုသင်ကြားပေးနိုင်ကြောင်း၊ ရန်ကုန်တိုင်းတွင် အထက်တန်းအဆင့် ကျောင်းသူ ကျောင်းသား ၁၃၁၂၀၅ ဦး ရှိပြီး ၎င်းတို့အထဲမှ ဝိဇ္ဇာဘာသာတွဲ သင်ယူကြသည့် ကျောင်းသား ကျောင်းသူ စုစုပေါင်းမှာ ၄၇၇ ဦးရှိကြောင်း၊ အဆိုပါ ကျောင်းသား ဦးရေပေါ်မူတည်၍ ပထဝီနှင့် သမိုင်းဘာသာရပ်တို့ကို ဆရာ ဆရာမ ၁၆ ဦးတို့ဖြင့် သင်ကြားပေးခဲ့သည့်အတွက် ဆရာနှင့် ကျောင်းသား အချိုးမှာ ၁ း ၃၀ ရှိခဲ့ကြောင်းလည်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.