Connect with us

Politics, Law & Military

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွှန့်အပါအဝင် အဖွဲ့ဝင် ၉ ဦး၏ အမည်စာရင်း အဆိုပြု တင်ပြ

ပုံစာ-- ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၄ ရက် (ဆင်ဟွာ)

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌအဖြစ် ဦးမျိုးညွှန့်အပါအဝင် အဖွဲ့ဝင် ၉ ဦး၏ အမည်စာရင်းကို ယနေ့မတ်လ ၂၄ ရက်တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်ပြ ကြေညာခဲ့သည်။

နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော် အဆိုပြု တင်ပြသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ၊ အဖွဲ့ဝင်များ၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက လွှတ်တော်သို့တင်ပြခဲ့ရာတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး အား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက ရွေးချယ်ထားသူ ၃ ဦး ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသူ ၃ ဦး နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသူ ၃ ဦး စုစုပေါင်း ၉ ဦး ရှိကြောင်း တင်ပြခဲ့သည်။

နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက ရွေးချယ်ထားသူ ၃ ဦးမှာ ဦးညီညီ ၊ ဦးမြင့်ဝင်း ၊ ဦးမျိုးမြင့် တို့ဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသူ ၃ ဦးမှာ ဦးမျိုးညွှန့်၊ ဦးခင်မောင်ချို ၊ ဒေါ်ခင်ဌေးကြွယ် တို့ဖြစ်ကြပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသူ ၃ ဦးမှာ ဦးတွာလ်ကျင်ပေါင် ၊ ဒေါ်လှမျိုးနွယ် ၊ ဦးကျော်ဆန်း တို့ဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသူ ၃ ဦးအနက်မှ ဦးမျိုးညွှန့်ကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌအဖြစ် ခန့်အပ် တာဝန်ပေးရန် အဆိုပြု တင်ပြခဲ့သည်။

နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော် အဆိုပြု တင်ပြသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ၊ အဖွဲ့ဝင်များ၏ အမည်စာရင်းနှင့် စပ်လျဉ်း၍ ခန့်အပ်တာဝန်ပေးအပ်ရန် ကြေညာခြင်း ၊ ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက ကန့်ကွက်ကြောင်း အဆို တင်သွင်းခြင်းတို့ကို မတ် ၂၈ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)