Politics, Law & Military
ပင်လည်ဘူးမြို့နယ်တွင် ငွေကျပ် သိန်း ၁၂၁ဝ တန်ဖိုးရှိ ဘိန်းဖြူများနှင့်ငွေကျပ် ၁၆.၉၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ပင်လည်ဘူးမြို့နယ်တွင် ငွေကျပ် သိန်း ၁၂၁ဝ တန်ဖိုးရှိ ဘိန်းဖြူများနှင့်ငွေကျပ် ၁၆.၉၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၆) ကသာနှင့် မူးယစ်တပ်ဖွဲ့စု (၁၈) မန္တလေးတောင်ပိုင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၂ ရက် ည ၉ နာရီ က ပင်လည်ဘူးမြို့နယ် ရွာသာယာကျေးရွာအုပ်စု ပေကုန်းကျေးရွာသစ်ကုန်း အနီး ကောလင်း-ပင်လည်ဘူးသွား ကားလမ်းဘေးတွင် မူးယစ်ဆေးဝါးများကို ဝယ်လက်အသွင်ယူ၍ စောင့်ဆိုင်းနေစဉ် ဇော်မင်း မောင်းနှင်ပြီး ကျော်လွှမ်းမိုး လိုက်ပါလာသည့် ဆိုင်ကယ်ကို ရှာဖွေရာ ဘိန်းဖြူဆပ်ပြာခွက် ၁၁ဝ (အလေးချိန် ၁ ဒသမ ၂၁ ကီလို)၊ စိတ်ကြွရူးသွပ်ဆေး ၃၃၉ ပြား၊ လက်ကိုင်ဖုန်း သုံးလုံးနှင့် ငွေကျပ် နှစ်သိန်းတို့ကို လည်းကောင်း၊အလားတူ ယင်းနေ့ ညနေ ၅ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၃၆)ပဲခူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်လေးပင်မြို့ မြို့မ(၃) ရပ်ကွက် စာတိုက်လမ်း အမှတ် (၃၄) ရှိ နယ်သစ်ဦး စားသောက်ဆိုင်တွင် တွေ့ရှိသူ လင်းလင်း(ခ)သက်နိုင်ဌေးအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၄၄၅ ပြား၊ အိုက်စ် သုည ဒသမ ၅ ဂရမ် နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ည ၈ နာရီတွင်၎င်းငှားရမ်းနေထိုင် သည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၇၉ ပြားနှင့် အိုက်စ် သုည ဒသမ ၈ ဂရမ်တို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အတူ ဒီဇင်ဘာ ၁၁ ရက် ည ၈ နာရီခန့်က မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက် (၆၅) လမ်းနှင့် သဇင်လမ်းထောင့်ရှိ Gentleman Inn ဧည့်ခန်းအတွင်းရှိ ရန်ထူးအောင်(ခ)သော်ဇင်ဦးနှင့် ကျော်ဇင်ထက်တို့ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၅ဝ ကိုလည်းကောင်း၊ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ကွတ်ခိုင်မြို့နယ် ခိုလုံကျေးရွာ ကောင်းခါး-ကွတ်ခိုင်သွားကားလမ်း ယူကလစ်တောအနီးတွင် ကောင်းခါးကျေးရွာဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ စိုင်းလှဝင်း မောင်းနှင်လာသော ဆိုင်ကယ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ဝ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်းကြေးမုံ သတင်းတွင် ပါရှိသည်။ (Xinhua)