Connect with us

Politics, Law & Military

ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်အား တာဝန်မှ ရုပ်သိမ်းရန် အဆို အတည်မဖြစ်ကြောင်း ကြေညာ

ဒုတိယ အကြိမ်ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဆဌမနေ့ ကျင်းပ နေစဉ်

နေပြည်တော်၊ ဇွန် ၁ ရက်(ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပဉ္စမနေ့(၂၈ – ၅ – ၂၀) တွင် မိုင်းပြင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးတို့က လက်မှတ်ရေးထိုး တင်သွင်းခဲ့သည့် “ပြည်သူ့ လွှတ် တော် ဥက္ကဌအား တာဝန်မှ ရုပ်သိမ်းရန်” အရေးကြီး အဆိုမှာ အတည် မဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေးက ဆုံးဖြတ် ကြေညာခဲ့သည်။

၂၀၁၃ ခုနှစ် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်း ဥပဒေ ပုဒ်မ ၁၁၇(ဂ)အရ အဆိုပါ အရေးကြီး အဆိုအား ဆွေးနွေးခြင်းကို ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေးတွင် ဆောင်ရွက်ခဲ့ရာ လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးတို့က ဆွေးနွေးခဲ့ကြပြီး စက်ခလုတ်စနစ်ဖြင့် ဆန္ဒမဲ ရယူသည့် အခါ အဆိုကို ထောက်ခံမဲ ၁၃၂ မဲ ၊ ကန့်ကွက်မဲ  ၂၄၃ မဲ၊ ကြားနေ  ၅ မဲတို့ရရှိပြီး ကန့်ကွက် မဲက များသည့် အတွက် အဆိုမှာ အတည် မဖြစ်ကြောင်းနှင့် ယခု အဆိုကို အရေးယူ ဆောင်ရွက် ရန် မရှိကြောင်း ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဦးထွန်းထွန်းဟိန်က ကြေညာခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် ပြည်သူ့ လွှတ်တော်ဆိုင်ရာ ပုဒ်မ (၂၁) ပါ အချက် လေးချက်အရ ပြည်သူ့ လွှတ် တော် ဥက္ကဌကို ဖြစ်စေ၊ ဒုတိယ ဥက္ကဌ ကို ဖြစ်စေ၊ နှစ်ဦးစလုံးကို ဖြစ်စေ တာဝန်မှ ရုပ်သိမ်း ရန် အဆိုတင်သွင်းခြင်း ဖြစ်ကြောင်း၊ အဆိုပါ အချက်လေးချက်တို့မှာ (က) နိုင်ငံတော်၏ ကျေးဇူး သစ္စာကို ဖောက်ဖျက်ခြင်း၊ (ခ) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ (ဂ) အကျင့်သိက္ခာ ပျက်ပြားခြင်း၊ (ဃ) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းတို့ ဖြစ်ကြောင်း၊ အဆိုပါ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ (၂၁)နှင့် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၁၁၅) တို့အရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် လေးပုံ တစ်ပုံ ဖြစ်သည့် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ၁၁၀ ဦးတို့က  ပြည်သူ့ လွှတ်တော်ဥက္ကဌ၊ လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက တာဝန်ကိုပါ ထမ်းဆောင်လျက်ရှိသော ဦးတီခွန်မြတ်အား တာဝန်မှ ရုပ်သိမ်းပေးရန် အဆိုတင်ခြင်း ဖြစ်ကြောင်း၊ ဦးတီခွန်မြတ်သည် အရေးကြီး အဆို မဟုတ်သော အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အဆိုတစ်ခုကို အရေးကြီးအဆို အဖြစ်လက်ခံခဲ့ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သော အရေးကြီး အဆိုများကိုမူ ဆွေးနွေးရန် ခွင့်မပြုခဲ့ခြင်း၊ ကြယ်ပွင့်ပြ မေးခွန်း အချို့ကို  ဖြေကြားရန် သတ်မှတ်ရက် ပေးပြီးမှ လွှတ်တော် အစီအစဉ်တွင် မထည့်သွင်းဘဲ ကြယ်ပွင့် မပြ မေးခွန်း အဖြစ် ပြောင်းလဲခြင်း၊ အချို့ မေးခွန်းများကို ပယ်ချခဲ့ခြင်း စသည့် အချက်များအရ ပုဒ်မ ၂၁ (ခ) နှင့် (ဃ) တို့ကို ပျက်ကွက်ခဲ့ခြင်းတို့ကြောင့်  ယခုကဲ့ တာဝန်မှ ရုပ်သိမ်းရန် အရေးကြီး အဆို တင်သွင်းခဲ့ရ ကြောင်း ထိုအဆိုအား ဦးဆောင် တင်သွင်းခဲ့သည့် ဦးစိုင်းထွန်းစိန်က ၂၀၂၀ ပြည့်နှစ် မေ၂၈ ရက်နေ့က ပြည်သူ့ လွှတ်တော် အစည်း အဝေး၌ ရှင်းလင်း တင်ပြခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.