Connect with us

Politics, Law & Military

လစ်လပ်နေသော ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး အဖြစ် ဦးရဲမင်းဦးအား ခန့်အပ်ရေး တိုင်းလွှတ်တော်မှ ကန့်ကွက်သူ မရှိ သဘောတူ 

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ - Yangon Hluttaw)

 

ရန်ကုန် ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

လစ်လပ်နေသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးရဲမင်းဦးအား ခန့်အပ်တာဝန်ပေးရေးအား ယနေ့ ဇွန် ၃ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့တွင် ကန့်ကွက်သူမရှိ သဘောတူခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက “ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးရဲမင်းဦးအား ခန့်အပ်တာဝန်ပေးလိုကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ တင်ပြချက်ကို လွှတ်တော် အရေးပေါ်အစည်းအဝေး ပထမနေ့တွင် ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ယင်းပုဂ္ဂိုလ်နှင့် စပ်လျဉ်းပြီး ကန့်ကွက်လိုသော လွှတ်တော်ကိုယ်စားလှယ် ရှိပါက ကန့်ကွက်နိုင်ကြောင်း ကြေညာခဲ့သော်လည်း အမည်စာရင်း ပေးပို့လာခြင်း မရှိပါ။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးရဲမင်းဦးအား ခန့်အပ်တာဝန်ပေးအပ်ခြင်းကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ နှင့် အညီ လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်။”ဟု ပြောကြားခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ယခင် ဝန်ကြီး ဦးမြင့်သောင်းသည် ဧပြီ ၂၀ ရက်တွင် ကွယ်လွန်သွားခဲ့ပြီးနောက် လစ်လပ်သွားသော ဝန်ကြီးနေရာအား ခန့်အပ် တာဝန်ပေးနိုင်ရေး အတွက် တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက် ရယူရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။ 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် လွှတ်တော်မှ သဘောတူခဲ့သော ဦးရဲမင်းဦးသည် ၁၉၇၅ ခုနှစ်တွင် မွေးဖွားပြီး အသက်အားဖြင့် ၄၅ နှစ် အရွယ်ရှိကြောင်းသိရသည်။ သူသည် ၂၀၁၉ ခုနှစ်မှ စတင်၍ နေပြည်တော်စည်ပင်ဘဏ်(ယခု နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်)ဥက္ကဋ္ဌ နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း လည်းသိရသည်။ (Xinhua)