Connect with us

Politics, Law & Military

မြန်မာနိုင်ငံသို့ လာရောက်မည့် အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဝန်ဆောင်မှု ပေးနိုင်ရန် ကြိုးပမ်း လျက်ရှိဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အာဆီယံ စီးပွားရေး နှင့် ရင်းနှီး မြှုပ်နှံမှု ထိပ်သီး အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံကို လာရောက်မည့် အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံမှုများကို ပိုမို ဝန်ဆောင်မှု ပေးနိုင်ရန် မိမိတို့၏ မူဝါဒပိုင်း ဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ်ပိုင်း ဆိုင်ရာ အခြေခံအဆောက်အဦများကို မြှင့်တင်နိုင်ရေး  ကြိုးပမ်းလျက် ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ နိုဝင်ဘာ ၂ ရက်တွင် ပြုလုပ်သော အာဆီယံ စီးပွားရေး နှင့် ရင်းနှီး မြှုပ်နှံမှု ထိပ်သီး အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများအတွက် လျှင်မြန်သည့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် မိမိတို့ အနေဖြင့် Single Window စနစ်ကို စတင် အသုံးပြုနေပြီ ဖြစ်ပြီး ၊ ယင်းစနစ်ကတစ်ဆင့် ရင်းနှီးမြှုပ်နှံသူများသည် အစိုးရရုံးအများအပြားကို သွားရောက် ရန်မလိုဘဲ တစ်နေရာ ထဲတွင် ခွင့်ပြုမိန့်များ ၊ လိုင်စင်များကို ရရှိနိုင်ပြီ ဖြစ်ကြောင်း ၊ Single Window စနစ်၏ အောင်မြင်မှုကို သီလဝါ အထူး စီးပွားရေးဇုန် အတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အထင်အရှား တွေ့မြင် နိုင်မည် ဖြစ်ပြီး ယင်းစနစ်ကို မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် အခြားစီးပွားရေးဇုန်များတွင်လည်း ဆက်လက် အသုံးပြုသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အငယ်စား၊ အသေးစား နှင့် အလတ်စားစီးပွားရေး လုပ်ငန်းများသည် ပြည်တွင်း စီးပွားရေး၏ အဓိက မောင်းနှင်အား ဖြစ်ကြောင်း ၊ မိမိတို့ အနေဖြင့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ခေတ်နှင့်အမီ လိုက်နိုင်ပြီး နည်းပညာ အသစ်များ၏ အခွင့်အလမ်းများ ရယူနိုင်ရန် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းများ စီမံ ပေးထားကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိကောင်းမွန်သည့် စီးပွားရေးအခြေအနေကို အသုံးပြုပြီး နိုင်ငံရှိ ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများ မြှင့်တင်ခြင်း၊ တီထွင်ကြံဆမှုနှင့် သုတေသနလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် တွန်းအားပေးခြင်းနှင့် ဒစ်ဂျစ်တယ် စီးပွားရေး လုပ်ငန်းများကို အားပေးခြင်းတို့က တစ်ဆင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ဆောင်ရွက်သွားရန် သန္နိဋ္ဌာန် ချထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍမှာ ဖြေလျော့မှုများတွင် တင်းကြပ်သည့် စည်းမျဉ်းစည်းကမ်း (red tape) တွေကို ဖယ်ရှားပေးခြင်းဖြင့် ဖွံ့ဖြိုးမှုကွာဟချက်ကိုလျော့ချပေးပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း သစ်များအဖြစ် ပြောင်းလဲ ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် စက်မှုအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်၏ အစပိုင်းမှာသာ ရှိနေသော်လည်း မိမိတို့ဟာ အသင့် ဖြစ်အောင် ပြင်ဆင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။ထို့ပြင် မြန်မာနိုင်ငံရှိ လူငယ်များအတွက် အကျိုးကျေးဇူးရှိသည့် တီထွင်မှုနှင့် နည်းပညာဆိုင်ရာ ဦးဆောင်သူများ ဖြစ်လာစေရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။မြန်မာနိုင်ငံနှင့် အာဆီယံမှာရှိတဲ့ ပညာရှင်များ၊ လူ့အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းများအကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်ခြင်းဖြင့် အာဆီယံ ၄.၀ ကို လိုက်ပါ ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.