Politics, Law & Military
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ရက်တွင် ရုံးအမှတ်(၂၃)၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရ အကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ သက်ဆိုင်ရာလုပ်ငန်းများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် Proposal (၂၂)ခုနှင့်ပတ်သက်သည့် အချက် အလက်များကို အသေးစိတ် ထပ်မံဖြည့်စွက်ဆောင်ရွက်ရန်၊ စီမံချက်များဆောင်ရွက်ရာ တွင် တင်ဒါစည်းမျဉ်းစည်းကမ်းများအတိုင်းလိုက်နာဆောင်ရွက်ရန်၊ မြေနေရာလိုအပ် ချက်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရတို့ ညှိနှိုင်း ဆောင်ရွက်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။
ပြည်နယ်အစိုးရအနေဖြင့် စာချွန်လွှာပါ Proposal တွင်ပါရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်အစိုးရဦးစီး ဆောင်ရွက်ရမည့် လုပ်ငန်းများအပြင် ပူးပေါင်းလုပ်ဆောင်ရမည့် လုပ်ငန်းများကိုလည်း ကြပ်မတ် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံက ဆိုသည်။(Xinhua)